သြစတြေးလျနိုင်ငံ၌ ဒုတိယလူဦးရေအထူထပ်ဆုံးဖြစ်သလို COVID-19 ကူးစက်မှု၏ဗဟိုချက်လည်းဖြစ်ခဲ့သည့် ဗစ်တိုးရီးယားပြည်နယ်၌ နေ့စဉ် ကူးစက်သူဦးရေသည် စံချိန်တင်ကျဆင်းနေပြီဖြစ်သောကြောင့် ပြည်နယ်တွင်းချမှတ်ထားသည့် ကူးသန်းသွားလာမှုကန့်သတ်ချက်များကို ဖြေလျှော့နေပြီဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဒဲနီယယ် အန်ဒရူးက စက်တင်ဘာ ၂၇ ရက်တွင် ပြောဆိုခဲ့သည်။
ဗစ်တိုးရီးယားပြည်နယ်၌ စက်တင်ဘာ ၂၇ ရက်တွင် COVID-19 ကူးစက်သူသစ် ၁၆ ဦးရှိခဲ့သည်။
ဗစ်တိုးရီးယားပြည်နယ်မြို့တော် မဲလ်ဘုန်း၌ သြဂုတ်အစောပိုင်းကတည်းက ကူးသန်းသွားလာမှုပိတ်ပင်ထားခြင်းဖြစ်သည်။
သြဂုတ်တွင် တစ်ရက်အတွင်း ကူးစက်သူ ၇၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့ပြီးနောက် ချမှတ်ခဲ့သည့် ညမထွက်ရအမိန့်အပါအဝင် ကူးသန်းသွားလာမှုကန့်သတ်ချက်များကို ချက်ချင်းဖြေလျှော့မည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် အန်ဒရူးကပြောဆိုခဲ့သည်။
ကန့်သတ်ချက်တချို့ကိုမူ နိုဝင်ဘာအကုန်ပိုင်းအထိ ဆက်လက်ထားရှိမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရက ထုတ်ပြန်ထားပြီးဖြစ်သည်။
မျှော်မှန်းထားသည့် ကာလအထက် စောစီးစွာ အောင်မြင်မှုရရှိခဲ့ကြောင်း အန်ဒရူးကပြောဆိုခဲ့သည်။
သို့သော် ကူးစက်မှုပြီးဆုံးပြီဟု ဆိုလို့မရနိုင်ကြောင်း ၎င်းကပြောဆိုခဲ့သည်။
ဗစ်တိုးရီးယားပြည်နယ်တစ်ဝန်း ကူးသန်းသွားလာမှုကန့်သတ်ချက်များကို အချိန်မဆိုင်းဘဲ ဖြေလျှော့မှုကြောင့် ထိခိုက်နေသည့် စီးပွားရေး ပြန်လည်ဦးမော့အောင် လုပ်ဆောင်နိုင်တော့မည်ဖြစ်သည်။ သြစတြေးလျသည် ဆယ်စုနှစ်သုံးစုအတွင်း ပထမဆုံးအကြိမ် စီးပွားရေးကျဆင်းမှုနှင့်ကြုံနေရပြီး အလုပ်အကိုင်မဲ့မှုနှုန်းသည်လည်း ၁၀ ရာခိုင်နှုန်းရှိနေသည်။
စက်တင်ဘာ ၂၈ ရက်မှစ၍ အလုပ်သမား ၁၂၇၀၀၀ သည် လုပ်ငန်းခွင်ပြန်ဝင်ခွင့်ရမည်ဖြစ်ကြောင်း ဗစ်တိုးရီးယားပြည်နယ်အစိုးရက ထုတ်ပြန်ခဲ့သည်။
ဗစ်တိုးရီးယားပြည်နယ်ရှိ လူတစ်သန်းကျော်သည် အစိုးရထံမှ လစာငွေထောက်ပံ့ကြေးရရှိနေသည်။
ကန့်သတ်ချက်များကြောင့် သြစတြေးလျနိုင်ငံတစ်ဝန်း COVID-19 ဒုတိယလှိုင်းကို တားဆီးနိုင်ခဲ့သည်။ နိုင်ငံတွင်း လူဦးရေအထူထပ်ဆုံးဖြစ်သည့် နယူးဆောက်ဝေးပြည်နယ်၌ စက်တင်ဘာ ၂၇ ရက်တွင် ကူးစက်သူသစ်လုံးဝမရှိခဲ့ချေ။

















