လူသားအားလုံးကို ကူညီရန် နိုင်ငံ၏ ကာကွယ်ဆေးထုတ်လုပ်နိုင်စွမ်းကို အသုံးချမည်ဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ် ကတိပြု

လူသားအားလုံးကို ကူညီရန် နိုင်ငံ၏ ကာကွယ်ဆေးထုတ်လုပ်နိုင်စွမ်းကို အသုံးချမည်ဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ် ကတိပြု

ကမ္ဘာတစ်ဝန်း COVID-19  အကျပ်အတည်းကို တိုက်ဖျက်နိုင်ရေးအတွက် အိန္ဒိယနိုင်ငံ၏ ကာကွယ်ဆေးထုတ်လုပ်နိုင်စွမ်းရည်ကို အသုံးချမည်ဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြာ မိုဒီက ကုလသမဂ္ဂ၌ စက်တင်ဘာ ၂၆ ရက်တွင် ကတိပြုပြောဆိုခဲ့သည်။

ကမ္ဘာပေါ်တွင် ကာကွယ်ဆေးအများဆုံးထုတ်လုပ်နိုင်စွမ်းရှိသည့် နိုင်ငံဖြစ်သောကြောင့် အိန္ဒိယ၏ ကာကွယ်ဆေးထုတ်လုပ်ဖြန့်ချိနိုင်စွမ်းကို အသုံးချပြီး လူသားအားလုံးကို ကူညီမည်ဖြစ်ကြောင်း ကတိပြုအပ်ပါသည်ဟု မိုဒီက ကုလအထွေထွေညီလာခံသို့ ပေးပို့သည့် ဗီဒီယိုဖိုင်တွင် ဖော်ပြထားသည်။

ထို့ပြင် အခြားနိုင်ငံများ ကာကွယ်ဆေးရယူ သိုလှောင်မှုများနှင့်ပတ်သက်၍လည်း အိန္ဒိယက ကူညီမည်ဖြစ်ကြောင်း မိုဒီက ပြောဆိုခဲ့သည်။

COVID-19  ကာကွယ်ဆေး၏ထိရောက်မှုနှင့် ဘေးကင်းမှုကို စမ်းသပ်မည့် နောက်ဆုံးအဆင့်ဖြစ်သည့် တတိယအဆင့်စမ်းသပ်မှုများတွင် တိုးတက်မှုများရှိနေပြီဖြစ်ကြောင်း မိုဒီက ဆက်လက်ပြောဆိုခဲ့သည်။

COVID-19  ကာကွယ်ဆေးများကို တစ်ကမ္ဘာလုံးသို့ ဖြန့်ချိနိုင်ရန် အိန္ဒိယသည် သြဂုတ်ကလည်းက အသင့်ဖြစ်နေပြီဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။

ကုလအထွေထွေအတွင်းရေးမှူးချုပ် အန်ထော်နီယို ဂူတာရက်စ်သည် တစ်ကမ္ဘာလုံးရှိ မည်သည့်နေရာ၌မဆို ရရှိသုံးစွဲနိုင်မည့် လူတိုင်းအတွက် ကာကွယ်ဆေးရရှိရေး ကြိုးပမ်းနေသည်။ နိုင်ငံတချို့သည် ကာကွယ်ဆေးကို ၎င်းတို့နိုင်ငံများအတွက်သာ လက်ဝါးကြီးအုပ်ထားရန် နောက်ကွယ်က ကြိုးပမ်းနေကြောင်း ဂူတာရက်စ်က စက်တင်ဘာ ၂၇ ရက်တွင် ပြောဆိုခဲ့သည်။

ကာကွယ်ဆေးဆိုင်ရာ အမျိုးသားရေးဝါဒသည် မျှတခြင်းမရှိသလို ကျင့်သုံးသူကိုလည်း ထိခိုက်နိုင်ကြောင်း၊ အားလုံးဘေးကင်းမှသာ နိုင်ငံတစ်နိုင်ငံချင်းဘေးကင်းမည်ဖြစ်ပြီး ယင်းကိုသိသင့်ကြောင်း ဂူတာရက်စ်ကပြောဆိုခဲ့သည်။

ကာကွယ်ဆေးရရှိသူမည်သူမဆို ဝေမျှကိုဝေမျှရမည်ဖြစ်ကြောင်း သြစတြေးလျဝန်ကြီးချုပ် စကော့ မောရစ်ဆင်က စက်တင်ဘာ ၂၅ ရက်တွင် ကုလ၌ ပြောဆိုခဲ့ပြီးဖြစ်သည်။ လူ့အဖွဲ့အစည်းရှိ လူဆင်းရဲများနှင့် အားအနည်းဆုံးများသည် ကာကွယ်ဆေးကို ဦးစားပေးရရှိသင့်ကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က စက်တင်ဘာ ၂၅ ရက်တွင် ကုလ၌ ပြောဆိုခဲ့သည်။