မြောက်ကိုရီးယားစစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် တောင်ကိုရီးယားအစိုးရအရာရှိ၏ ရုပ်အလောင်းကို ရှာဖွေနေကြောင်း မြောက်ကိုရီးယားအစိုးရက ပြောဆိုခဲ့သည်ဟု နိုင်ငံပိုင်သတင်းဌာန KCNA က စက်တင်ဘာ ၂၇ တွင် ထုတ်ပြန်ခဲ့သည်။
အခင်းဖြစ်ပွားရာ နေရာအတွင်း တောင်ကိုရီးယား၏ စစ်သင်္ဘောများ ကင်းလှည့်ခြင်းကြောင့် တင်းမာမှု မြင့်တက်စေနိုင်ကြောင်း မြောက်ကိုရီးယားက သတိပေးခဲ့သည်။
မြောက်ကိုရီးယား ရေပိုင်နက်အတွင်း တောင်ကိုရီးယား ငါးလုပ်ငန်း အရာရှိတစ်ဦးပစ်သတ်ခံခဲ့ရမှုနှင့်ပတ်သက်၍ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က တောင်းပန်ခဲ့ပြီးဖြစ်သည်။ အဆိုပါ အရာရှိကို မြောက်ကိုရီး ယားတပ်ဖွဲ့ဝင်များက အသေပစ်သတ်ခဲ့ပြီး နယ်စပ်အနီးတွင် ရုပ်အလောင်းကို ဓာတ်ဆီလောင်းကာ မီးရှို့ဖျောက်ဖျက်ပစ်ခဲ့ကြောင်း တောင်ကိုရီးယားက စွပ်စွဲခဲ့သည်။
သေဆုံးသူ၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပါက တောင်ကိုရီးယားထံ လွှဲပြောင်းပေးရန် မြောက်ကိုရီးယားအာဏာပိုင်များ ဆောင်ရွက်နေ ကြောင်း KCNA သတင်းဌာနက စက်တင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ယခုဖြစ်ရပ်သည် မဖြစ်သင့်သော ကိစ္စမျိုးဖြစ်ကြောင်း KCNA ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် မြောက်ကိုရီးယားရေပိုင်နက်အတွင်း တောင်ကိုရီးယား စစ်သင်္ဘောများ လှည့်ကင်းမှုအပေါ် မြောက်ကိုရီးယားက သတိပေးခဲ့ကြောင်း KCNA ၏ ဖော်ပြချက်တွင် ပါရှိသည်။
‘’အနောက်ပင်လယ်ထဲမှာ သတ်မှတ်ထားတဲ့ စစ်တပ်နယ်နိမိတ်မျဉ်း သတ်မှတ်ထားတာကို ကျူးကျော်နေတာတွေ ချက်ချင်း ရပ်တန့်ဖို့အတွက် တောင်ကိုရီးယားကို တိုက်တွန်းပါတယ်။ အဲ့ဒီလုပ်ရပ်တွေကြောင့် တင်းမာမှုတွေ ပိုမိုမြင့်တက်လာနိုင်ပါတယ်” ဟု မြောက်ကိုရီးယားအစိုးရက ပြောဆိုခဲ့ ကြောင်း KCNA က ဖော်ပြခဲ့သည်။

















