တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ ဂျပန်သို့ အောက်တိုဘာတွင် သွားရောက်ဖွယ်ရှိ

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ ဂျပန်သို့ အောက်တိုဘာတွင် သွားရောက်ဖွယ်ရှိ

ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီဒဲ ဆူဂါ၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှီမစ်ဆု မိုတဲဂီတို့နှင့် တွေ့ဆုံရန်အတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် အောက်တိုဘာအစောပိုင်းတွင် ဂျပန်နိုင်ငံသို့ လာရောက်ဖွယ်ရှိကြောင်း ဂျပန်နိုင်ငံပိုင် NHK သတင်းဌာနက ဖော်ပြခဲ့သည်။

ဂျပန်ဝန်ကြီးချုပ် ဆူဂါနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် စက်တင်ဘာ ၂၅ ရက်တွင် တယ်လီဖုန်းဖြင့် စကားပြောဆိုမှု ပြုလုပ်ကြပြီးနောက် ယခုခရီးစဉ်နှင့်ပတ်သက်၍ သတင်းထွက်ခဲ့ခြင်းဖြစ်သည်။

ခေါင်းဆောင်နှစ်ဦးသည် ဒေသတွင်းနှင့် နိုင်ငံတကာတည်ငြိမ်အေးချမ်းရေးတို့အတွက် အဆင့်မြင့်တန်း ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ ကြသည်။

သံတမန်အတွေ့အကြုံနည်းပါးပြီး ယခုလတွင် ဝန်ကြီးချုပ်ဖြစ်လာသည့် ဆူဂါသည် COVID-19 နှင့် ကုန်သွယ်ရေးအရယှဉ်ပြိုင်မှုများကြောင့် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်တို့ကြား တင်းမာမှုများပြင်းထန်လာချိန်တွင် တရုတ်နှင့်ဆက်ဆံရေးကို အထူးသတိထားရမည်ဖြစ်သည်။

ဆူဂါသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် စက်တင်ဘာ ၂၀ ရက်တွင် တယ်လီဖုန်းဖြင့် စကားပြောဆိုခဲ့သည်။

အမေရိကန်၏မဟာမိတ်ဖြစ်သော ဂျပန်သည် အရှေ့တရုတ်ပင်လယ်ရှိ ကျွန်းစုတချို့ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ တရုတ်နှင့် အငြင်းပွားနေသည်။

ဆူဂါသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့်လည်း တွေ့ဆုံလိုကြောင်း တရားဝင်ပြောဆိုထားပြီးဖြစ်သည်။