နမ့်စန်မြို့တွင် သူငယ်ချင်းဖြစ်သူကို တုတ်ဖြင့်ရိုက်ဓားနှင့်လှီးသတ်ကာ အိမ်သာကျင်းအတွင်းစွန့်ပစ်ခဲ့သူကို ဖမ်းဆီးအရေးယူထားကြောင်း စက်တင်ဘာ ၂၇ ရက်နေ့တွင် ရဲတပ်ဖွဲ့ မှသိရသည်။
စက်တင်ဘာ၂၃ ရက်နံနက် ၈ နာရီ ခွဲ အချိန်တွင် ရှမ်းပြည်နယ်၊တောင်ပိုင်း၊လွိုင်လင်ခရိုင်နမ့်စန်မြို့၊အမှတ်(၅) ကျေးရွာအုပ်စု၊အမှတ်(၆)ကျေးရွာနေ မောင်ပြည့်ဖြိုးသိန်း(၁၆)နှစ်သည်ဆိုင်ကယ်ဖြင့်နေအိမ်မှထွက်ခွာသွားခဲ့ရာကပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့်မိသားစုဝင်များကလိုက်လံရှာဖွေခဲ့သည်။
စက်တင်ဘာ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် မောင်ပြည့်ဖြိုးသိန်း ၏ဆိုင်ကယ်ကိုမောင်ပြည့်ဖြိုးဦးဆိုသူကနမ့်စန်မြို့၊အမှတ် (၃)ရပ်ကွက် အတွင်းစီးနင်းသွားလာနေသည်ကို တွေ့ရှိရ၍သက်ဆိုင်ရာ အကြောင်းကြားကာ နမ့်စမ်ရဲစခန်းတွင် လူပျောက်တိုင်ကြားခဲ့သည်။
ပြည့်ဖြိုးဦးကိုခေါ်ယူစစ်ဆေးရာ၎င်းသည်သူငယ်ချင်းဖြစ်သူမောင်ပြည့်ဖြိုးသိန်းကို စက်တင်ဘာ၂၃ရက်၊ နေ့လယ် ၁၂နာရီအချိန်ခန့်ကနမ့်စန်မြို့၊အမှတ် (၅)ရပ်ကွက်၊စစ်မှုထမ်းဟောင်း အိမ်ရာရှိလူမနေသည့်အဆောက်အဦအလွတ်သို့ခေါ်ဆောင်သွားခဲ့ပြီး မောင်ပြည့်ဖြိုးသိန်း ဖုန်းပြောနေစဉ် နောက်မှ သစ်သားချောင်းဖြင့် ဦးခေါင်းကို၂ ချက်ရိုက်ကာ မေ့မြောနေစဉ်ဝဲဘက်လက်ကောက်ဝတ်အားကြက်သွန်လှီးဓါးဖြင့်လှီးဖြတ်သတ်ခဲ့ကြောင်းထွက်ဆိုခဲ့သည်။
အလောင်းကိုအိမ်အနောက်ဘက်ရှိ အိမ်သာကျင်း အသစ်အတွင်းသို့ တွန်းချထားခဲ့ကြောင်းထွက်ဆိုသဖြင့် နမ့်စန်ရဲစခန်းက(ပ)၁၁၄/၂၀၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၉၂ ဖြင့်အမှုရေးဖွင့်ကာ စက်တင်ဘာ ၂၅ ရက်နေ့တွင်ဖမ်းဆီး အရေးယူခဲ့သည်။
ပြည့်ဖြိုးဦးထံမှ အခင်းဖြစ်စဉ်အသုံးပြုသည့် အရှည် ၂ ပေခန့်ရှိ ၂ လက်မပတ်လည် သစ်သား ချောင်း ၁ ချောင်း၊ အရိုးအသွား ၈ လက်မခန့်ရှိ စတီးဓါး ၁ ချောင်း၊ သွေးသုတ်ထားသော အဝတ်စ(၂) စ၊ တရုတ်နိုင်ငံ ထုတ် အနက်ရောင် TARYAN ဆိုင်ကယ် တစ် စီး နှင့် OPPO အမျိုးအစားဖုန်းတစ်လုံးတို့ကိုသိမ်းဆည်းခဲ့ကာ ဆက်လက်အရေး ယူထားသည်။

















