နမ့်ခမ်းမြို့နယ်တွင် ကျပ်သိန်း ၁၅၀၀ နီးပါးတန်ဖိုးရှိ ထိန်းချုပ် ဓာတုပစ္စည်းများ ဖမ်းဆီးရမိ

နမ့်ခမ်းမြို့နယ်တွင် ကျပ်သိန်း ၁၅၀၀ နီးပါးတန်ဖိုးရှိ ထိန်းချုပ် ဓာတုပစ္စည်းများ ဖမ်းဆီးရမိ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်တွင် ကျပ်သိန်း ၁၅၀၀ နီးပါးတန်ဖိုးရှိ ထိန်းချုပ် ဓာတုပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း စက်တင်ဘာ ၂၇ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။

စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၅ နာရီ ခွဲ အချိန်တွင် နမ့်ခမ်းမြို့အဝင် မူဆယ်-နမ့်ခမ်းသွားကားလမ်း တွင် မော်တော်ယာဉ်များကို မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးနေစဉ် မူဆယ်မြို့ဘက်မှ နမ့်ခမ်းမြို့ဘက်သို့ ကွတ်ခိုင်မြို့၊ ရပ်ကွက်(၅)နေ ကျန်းကွေရင်း(ခ) အားရင်(ခ)အောင်နိုင် ၃၃ နှစ် မောင်းနှင်လာသည့် NISSAN UD အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေခဲ့သည်။

ယာဉ်ပေါ်တွင်တင်ဆောင်လာသည့် သံပေပါများအတွင်းမှ Dimethyl Sulfate ၄၈၀၀ လီတာ တန်ဖိုးငွေကျပ် ၇၂၀ သိန်း၊ ပလတ်စတစ်အိတ်များဖြင့်ထည့်ထားသည့် ငွေကျပ် ၇၅၉.၃၇၅ သိန်းတန်ဖိုးရှိ Theophylline အမှုန့် ၁၈၇၅ ကီလိုနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သောကြောင့်အရေးယူပေးရန်တိုင်ကြားခဲ့သည်။

နမ့်ခမ်းမြို့မရဲစခန်းတွင် ဓါတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်း များအန္တရာယ်မှ တားဆီး ကာကွယ်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူထားသည်။