COVID-19 ကာလအတွင်းရန်ကုန်တိုင်းဒေသကြီးအတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေးလုပ်ငန်းစဉ်များအပြင် ရောဂါကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းစဉ်များ၌ မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းလုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးတစ်ဦးက မြန်မာတိုင်းမ်သို့ ပြောသည်။
''ပြည်နယ်နဲ့ တိုင်းဒေသကြီးမှာရှိတဲ့ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ မှုခင်းကျဆင်းရေးနဲ့တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်တွေကိုလည်း တစ်ဖက်မှာ အလေးပေးပြီးဆောင်ရွက်နေတယ်။ တစ်ချို့တိုင်းနဲ့ပြည်နယ်စပ်ကြားတွေ၊ မြို့အဝင်အထွက်ဂိတ်တွေမှာလည်း လုံခြုံရေးဂိတ်တွေမှာလည်း လုံခြုံရေးတာဝန်ယူဆောင်ရွက်နေတယ်'' ဟု အဆိုပါရဲအရာရှိကြီးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှုခင်းကြိုတင်ကာကွယ်ရေးနှင့်တရားဥပဒေစိုးမိုးရေးအတွက် မြို့နယ်အလိုက်ရဲတပ်ဖွဲ့ဝင်များက လှည့်ကင်း၊ ဆိုင်ကယ်လှည့်ကင်း၊ မီးတန်းယာဉ်လှည့်ကင်း၊ဝပ်ကင်းနှင့် ရပ်ကင်းတို့ဖြင့် လုံခြုံရေးဆောင်ရွက်လျက်ရှိသည်။
''မှုခင်းကျဆင်းရေးအတွက်လည်းဆောင်ရွက်သလို ရောဂါထိန်းချုပ်ရေးအတွက်လည်းပညာပေး ဆောင်ရွက်တာတို့ Mask ဖြန့်ဝေ အသိပညာပေးတာတွေလည်း ဆောင်ရွက်ပေးနေပါတယ်'' ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ရန်ကုန်တိုင်းဒေသကြီးအတွင်းလက်နက်ပုန်းဖမ်းဆီးမှုအနေဖြင့် ဇူလိုင်လအတွင်း ၂၇၈ မှု၊ သြဂုတ်လအတွင်း ၁၈၉ မှုနှင့် စက်တင်ဘာ ၂၄ရက်အထိ ဖမ်းဆီးမှု ၇၃ မှုရှိခဲ့ကြောင်းသိရသည်။
''မှုခင်းကြိုတင်ကာကွာမှုကြောင့်ရာဇဝတ်မှုနဲ့ အခြားဖြစ်ပွားမှုတွေကယခင်နှစ်ထက် လျော့နည်းသွားတယ်''ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါပိုးစတင်ကူးစက်ခဲ့သည့် မတ်လအတွင်းမှ စက်တင်ဘာ ၂၇ ရက် အထိရောဂါကူးစက်ခံရသူ ၉၉၉၁ ဦးနှင့်သေဆုံးသူ ၁၉၈ ဦးရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်းဒေသကြီးအပါအဝင်ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့ရှိမြို့နယ်များကို Stay At Home အစီစဉ်ဖြင့် နေအိမ်အတွင်းနေထိုင်ရန်သက်ဆိုင်ရာက ပြဌာန်းထားသည့်ဥပဒေများဖြင့် အရေးယူဆောင်ရွက်မှုများကို ဆောင်ရွက်ခဲ့သည်။
စက်တင်ဘာ ၁၉ ရက်မှ ၂၅ရက်အတွင်း ည ၁၂ နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရအမိန့်ဖောက်ဖျက်ကျူးလွန်သူ ၁၄၉ ဦး၊ နှာခေါင်းစည်း Mask တပ်ဆင်ခြင်းမရှိသူ ၃၅ဝ ဦး၊ COVID-19 ရောဂါ ထိန်းချုပ်ကာလအတွင်း ပြည့်တန်ဆာနေအိမ်နှစ်အိမ်နှင့် ကေတီဗွီဆိုင်တစ်ဆိုင်တို့တွင်လုပ်ကိုင်နေသူ ၂၆ ဦးတို့ကိုရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူခဲ့ပြီး ထိရောက်သည့် ပြစ်ဒဏ်ရရှိရေးအတွက်တရားစွဲဆိုတင်ပို့မှုများကိုလည်းရဲတပ်ဖွဲ့ဝင်များအနေဖြင့် လုပ်ဆောင်ပေးခဲ့ကြောင်းသိရသည်။
















