COVID-19 တကျော့ပြန်ကာလအတွင်း ထီဈေးကွက်၌ ရောင်းအားကျဆင်းနေသည့်အတွက်မုံရွာမြို့ရှိ ထီရောင်းဝယ်ရေးလုပ်ကိုင်သူများ အခက်အခဲကြုံတွေ့နေကြောင်း မုံရွာမြို့ အောင်ကောင်းဆင့်ထီဆိုင်ပိုင်ရှင် ကိုကျော်ဇင်က ပြောသည်။
''အရင်လက ရောင်းအားကောင်းသလောက်ဒီလမှာ ရန်ကုန်က ကိုဗစ်လူနာတွေ များလာပြီး Stay Home လုပ်လိုက်တော့ ထီကမရောင်းရဘူး။ ဒီလ ထီအဖွင့်ဈေး ၁ဝ၂ဝ ကျပ်ဈေးနဲ့ဖွင့်တာ ဈေးတဖြည်းဖြည်းနဲ့ကျလာလိုက်တာ လက္ကားဈေးမှာ တချို့ ရန်ကုန်မှာ တစ်စောင် ၆ဝဝ လောက်နဲ့ရနေတယ်လို့သိရတယ်။ ကျပ် ၆ဝဝ ရရ၊ ၄ဝဝ ရရနောက်ဆုံး အောင်ဘာလေက အလကားပေးမယ်ဆိုတောင် ကျွန်တော်တို့က ထပ်မယူနိုင်တော့ဘူး။ဘာလို့လဲဆိုတော့ အခုလက်ထဲမှာရှိတဲ့ ရောင်းနေတဲ့ထီက ကျပ် ၁ဝဝဝ ကျော်နဲ့ဝယ်ထားရလို့ပါ။အခုထီဈေးကျတော့ ကျပ် ၉ဝဝ လောက်အထိ ဈေးလျော့ပြီး အရှုံးခံရောင်းနေရတဲ့အခြေအနေပါ''ဟုကိုကျော်ဇင်က ပြောသည်။
ယခင်က ထီတစ်စောင်လျှင် ကျပ် ၁၁ဝဝ နှင့်ကျပ် ၁၂ဝဝ နှုန်းဖြင့်ရောင်းနေရာမှ လက်ရှိတွင်ထီ ၁ဝ စောင်တွဲတစ်တွဲ ကျပ် ၉ဝဝဝ ကျပ်မှ ကျပ်၉၅ဝဝ ဝန်းကျင်ခန့်ဖြင့်သာ ရောင်းချနေရကြောင်းသိရသည်။ ထီဆိုင်တစ်ချို့ ထီတစ်စောင် ကျပ် ၈ဝဝ နှုန်းဖြင့် အိမ်အရောက်ရောင်းနေသူများလည်းရှိနေကြောင်း သိရသည်။
''ဈေးကွက်အပြိုင်အဆိုင်နဲ့ ရောင်းနေကြရပေမယ့် ကိုဗစ်ကြောင့်လူတွေထွက်မရတာရယ်၊ ထီသည်တွေ အိမ်အရောက်သွားရောင်းမရတာတွေကြောင့်ဈေးဘယ်လောက်ချရောင်းရောင်း မရောင်းရတဲ့အခြေအနေပါ။ အောင်ဘာလေဌာနအနေနဲ့ ဒီလိုသာ နောက်လှည့်မကြည့်ဘဲ သူတို့ထုတ်ပေးသမျှထီကုန်တယ်ထင်နေသမျှကတော့ ကြာရင် ထီသမားတွေ တော်တော်စိတ်ပျက်ပြီး လျော့လာမယ့်ပုံပေါက်လာပါပြီ''ဟု ကိုကျော်ဇင်က ပြောသည်။
ထီအရောင်းအဝယ်လောကကို လုံးဝကျောခိုင်းသူများရှိသလို အလုပ်မရှိ၍ ရရာထီဝင်ရောင်းနေသူများလည်းရှိနေကြောင်း မုံရွာမြို့ရှိ ထီလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးဖြစ်သည့် ဒေါ်ယုယုခင်ကပြောသည်။
''အရင်ကထက် ထီက တစ်ဝက်လောက်ရောင်းရတော့တာပါ။ တချို့ဆို စိတ်ဓာတ်ကျပြီး မရောင်းကြတော့တာရှိသလို အလုပ်အကိုင် ရှားပါးတော့အခုမှ ထီဝင်ရောင်းကြတာလည်း ရှိပါတယ်။ ထီလက္ကားဈေးကွက်က အတော်ကျဆင်းနေတယ်။မရောင်းရဘူး။ ပထမလှိုင်းဖြစ်စ မတ်လတုန်းကထီတွေ အတော်ကျန်ခဲ့ကြတယ်။ လက္ကားဈေးမှုအရှုံးများခဲ့သလို လက်လီဈေးကွက်မှာလည်း ရောင်းမကောင်းခဲ့ဘူး။ လက်ရှိက အသွားအလာအဆင်မပြေတော့ ထီရောင်းထွက်ဖို့က အဆင်မပြေဘူး။တော်တော်ခက်ခက်ခဲခဲ ရင်ဆိုင်ကြရလိမ့်မယ်''ဟုဒေါ်ယုယုခင်က ပြောသည်။
လက်ရှိတွင် ထီလက်ကျန်များနေသည့်အတွက်ထီစာအုပ်ဝယ်ယူရာတွင် ဆိုင်၏ ရောင်းအားကိုချင့်ချိန်၍ ဝယ်ယူနေကြရကြောင်း သိရသည်။

















