လောင်းလုံးမြို့နယ် စက်သုံးဆီ ရောင်းချနေသည့်နေအိမ် မီးလောင်မှုဖြစ်ပွားကာ လူ ၃ ဦး ဆေးရုံသို့ပို့အပ်ကုသခဲ့ရကြောင်း စက်တင်ဘာ ၂၈ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
စက်တင်ဘာ ၂၇ ရက် နံနက် ၉ နာရီ အချိန်ခန့်တွင် ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် သာယာကုန်းကျေးရွာထားဝယ်-လောင်းလုံး လမ်းပိုင်းပေါ်ရှိ စက်သုံးဆီနှင့်ကုန်မာပစ္စည်းများရောင်းချသည့် ဒေါ်မြစိန်၏ နေအိမ် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မီးလောင်မှုဖြစ်ပွားရာသို့ လောင်းလုံမြို့နယ် မီးသတ်ဦးနှင့် အဖွဲ့က သွားရောက်ငြိမ်းသတ်ရာ နံနက် ၁၀ နာရီ ၄၀ တွင် မီးငြိမ်းသွားခဲ့သည်။မီးလောင်မှုနှင့်ပတ်သက်စစ်ဆေးရာ စက်သုံးဆီပေပါများအနီး ဖုန်းအားသွင်းရာက အပူလွန်ကဲကာ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မီးလောင်ရာသို့ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးနှင့် မီးသတ်အင်အား ၃၉ ဦးခန့်က မီးငြိမ်းသတ်ယာဉ် လေးစီး၊ ရေသယ်ယာဉ် သုံးစီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ် တစ်စီး၊ အုပ်ချုပ်မှုယာဉ် တစ်စီးတို့ဖြင့် ငြိမ်းသတ်ခဲ့ခြင်းဖြစ်သည်။
မီးလောင်မှုကြောင့် စက်သုံးဆီ၊ ကုန်စုံဆိုင်နှင့် အခြားအိမ်သုံး၊ စိုက်ပျိုးရေးသုံး ပစ္စည်းများနှင့် ၃၅ ပေ× ၅၀ ပေ အကျယ် RC နှစ်ထပ်တိုက် တစ်လုံးနှင့်ဆိုင်ကယ်များ စုစုပေါင်း ကျပ် ၈,၇၅၀,၀၀၀ ဖိုးခန့် မီးလောင်ဆုံးရှုံးခဲ့သည်။
မီးလောင်မှုဖြစ်ပွားစဉ် အမျိုးသားတစ်ဦး မီးဟပ်ဒဏ်ရာ၊ အမျိုးသမီး ၂ ဦး ထိပ်လန့်ဝေဒနာများခံစားရရှိခဲ့ပြီး လောင်းလုံဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။ နေအိမ်ပိုင်ရှင်ဖြစ်သူ ဒေါ်မြစိန် ကို မောင်းမကန်နယ်မြေရဲစခန်းက(ပ)၂၈/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားသည်။

















