အင်ဒိုနီးရှား၌ အလုပ်သမားဥပဒေပြင်ဆင်ဖြည့်စွက်မှု အလုပ်သမားသမဂ္ဂများ သပိတ်မှောက်မည်

အင်ဒိုနီးရှား၌ အလုပ်သမားဥပဒေပြင်ဆင်ဖြည့်စွက်မှု အလုပ်သမားသမဂ္ဂများ သပိတ်မှောက်မည်

အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒို၏ အငြင်းပွားဖွယ် အလုပ်အကိုင်ဖန်တီးရေးဥပဒေကြမ်းရှိ အလုပ်သမားရေးရာ ပြုပြင်ပြောင်းလဲမှုများကို လွှတ်တော်ကော်မတီတစ်ရပ်က လက်ခံလိုက်ပြီးနောက် လာမည့်လတွင် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် သပိတ်မှောက်မည်ဖြစ်ကြောင်း အင်ဒိုနီးရှားအလုပ်သမားသမဂ္ဂများက စက်တင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အောက်တိုဘာ ၉ ရက်တွင် လွှတ်တော်အစည်းအဝေးများကို ရပ်နားမီဖြစ်ရာ ယင်းရက်မတိုင်မီတွင် ဥပဒေကြမ်းကို အတည်ပြုရမည်ဖြစ်သည်။ အဆိုပြုထားသည့် ပြင်ဆင်ဖြည့်စွက်ချက်များကို ရုတ်သိမ်းရေး တောင်းဆိုသည့်အနေဖြင့် သမဂ္ဂများသည် ယခုအပတ်တွင် ဆန္ဒထုတ်ဖော်မည်ဖြစ်သလို အောက်တိုဘာ ၆ မှ ၈ ရက်အထိ အလုပ်သမား ငါးသန်းပါဝင်သည့် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် သပိတ်မှောက်မှုများကိုလည်း ပြုလုပ်မည်ဖြစ်ကြောင်း သမဂ္ဂခေါင်းဆောင်တစ်ဦးကပြောဆိုခဲ့သည်။

တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် သပိတ်မှောက်မှုအတွင်း ထုတ်လုပ်မှုဖြစ်စဉ်အားလုံးကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားအလုပ်သမားသမဂ္ဂများအဖွဲ့ဥက္ကဋ္ဌ ဆာယိ အစ်ဘယ်ကပြောဆိုခဲ့သည်။

အလုပ်မှထုတ်ပယ်ခံရပါက အလုပ်သမားခံစားခွင့်ရရှိမည့် လုပ်ခလစာပမာဏကို များစွာလျှော့ချသည့် အချက်ကို လွှတ်တော်ကော်မတီဝင်များက စက်တင်ဘာ ၂၇ ရက်တွင် အတည်ပြုခဲ့သည်။ ထို့ပြင် စီးပွားရေးတိုးတက်မှုနှင့် အနည်းဆုံးလုပ်ခလစာတို့ကို ဆက်စပ်မှုကို ကော်မတီက ပယ်ချပြီး ဝန်ထမ်းအင်အားများစွာရှိသည့် လုပ်ငန်းများသည် ၎င်းတို့ပေးလိုသည့် လစာကို ကိုယ်တိုင်သတ်မှတ်ခွင့်ရှိကြောင်း အတည်ပြုပေးခဲ့သည်။

အမျိုးသမီးများ လစဉ်သွေးဆင်းနေချိန်တွင် ရရှိမည့် ခွင့်ရက်ကို လျှော့ချပြီး အလုပ်ချိန်များစွာ ခိုင်းစေခွင့်ကိုလည်း ကော်မတီက ခွင့်ပြုခဲ့သည်။ ကော်မတီသည် ၎င်းတို့၏ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ အစိုးရဝန်ကြီးတစ်ဦးကို တိုင်ပင်ရမည်ဖြစ်ပြီး ယင်းနောက်တွင် လွှတ်တော်၌ မဲခွဲဆုံးဖြတ်မည်ဖြစ်သည်။