အိန္ဒိယ၌ COVID-19 ကူးစက်သူ ခြောက်သန်းကျော်ရှိနေ

အိန္ဒိယ၌ COVID-19 ကူးစက်သူ ခြောက်သန်းကျော်ရှိနေ

အိန္ဒိယနိုင်ငံ၌ စက်တင်ဘာ ၂၇ ရက်တွင် COVID-19 ကူးစက်သူသစ် ၈၂,၁၇၀ ရှိခဲ့ပြီးနောက် ကူးစက်သူစုစုပေါင်း ခြောက်သန်းကျော်သွားပြီဖြစ်ကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

စက်တင်ဘာ ၂၇ ရက်တွင် COVID-19 ဖြင့်သေဆုံးသူသစ် ၁၀၃၉ ဦးရှိခဲ့သောကြောင့် သေဆုံးသူ ၉၅,၅၄၂ ဦးရှိနေပြီး ယင်းသည် ကူးစက်သူစုစုပေါင်းအနက် ၁ ဒသမ ၆ ရာခိုင်နှုန်းဖြစ်ကြောင်း ဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် COVID-19 ကူးစက်သူဦးရေတွင် အိန္ဒိယသည် ကူးစက်သူ ခုနစ်သန်းရှိသော အမေရိကန်ပြည်ထောင်စုပြီးနောက် ဒုတိယအများဆုံးရှိနေသည်။

ကမ္ဘာ့ဒုတိယလူဦးရေအများဆုံး အိန္ဒိယနိုင်ငံ၌ ကူးစက်သူသစ်ဦးရေ လျှင်မြန်စွာတိုးနေသဖြင့် လာမည့် ရက်သတ္တပတ်များအတွင်း ကူးစက်သူအများဆုံးနိုင်ငံဖြစ်လာနိုင်ခြေရှိနေသည်။

လွန်ခဲ့သောအပတ်တွင် ကမ္ဘာတစ်ဝန်း ကူးစက်သူသစ်သုံးဦးအနက် တစ်ဦးနှင့် သေဆုံးသူငါးဦးအနက် တစ်ဦးသည် အိန္ဒိယမှဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စုရှိ ဂျွန်ဟော့ကင်းစ်တက္ကသိုလ်၏စာရင်းအင်းများအရသိရသည်။

အိန္ဒိယ၌ COVID-19 ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူဦးရေသည်လည်း များပြားနေသည်။ အိန္ဒိယ၌ ပြန်လည်ကျန်းမာလာသူ ငါးသန်းကျော်ရှိနေသဖြင့် ကူးစက်သူစုစုပေါင်းအနက် ၈၂ ရာခိုင်နှုန်း ပြန်လည်ကျန်းမာလာနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။