တောင်ကိုရီးယားနိုင်ငံ၌ စက်တင်ဘာ ၂၈ ရက်တွင် COVID-19 ကူးစက်သူသစ် ၅၀ ရှိခဲ့ရာ ယင်းသည် ဘုရားကျောင်းတစ်ကျောင်းနှင့် နိုင်ငံရေးအရဆန္ဒထုတ်ဖော်မှုတစ်ခုတို့ကြောင့် ကူးစက်မှုအစုလိုက်အပြုံလိုက်ရှိခဲ့သည့် လွန်ခဲ့သောလမှစ၍ တစ်ရက်အတွင်း ကူးစက်သူအနည်းဆုံးရှိခဲ့ကြောင်း တောင်ကိုရီးယားကျန်းမာရေးအာဏာပိုင်များကပြောဆိုခဲ့သည်။
ကူးစက်သူသစ်များအနက် ၄၀ သည် ပြည်တွင်းကူးစက်သူများဖြစ်ကြပြီး ၁၀ ဦးသည် ပြည်ပတွင် ကူးစက်ခံရပြီးနောက် တောင်ကိုရီးယားသို့ရောက်ရှိလာသူများဖြစ်ကြောင်း ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန(KDCA) က ထုတ်ပြန်ခဲ့သည်။
စက်တင်ဘာ ၂၈ ရက်တွင် ရှိခဲ့သည့် ကူးစက်သူသစ်ဦးရေသည် သြဂုတ် ၁၁ ရက်မှစ၍ အနည်းဆုံးရှိခဲ့ခြင်းဖြစ်သည်။
သြဂုတ် ၁၅ ရက်တွင် ဘုရားကျောင်းတစ်ကျောင်းမှ အသင်းဝင်များသည် အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုတစ်ခုတွင် ပါဝင်ခဲ့ပြီးနောက် ကူးစက်သူအစုလိုက်အပြုံလိုက်ရှိခဲ့ကာ လွန်ခဲ့သောလအတွင်း တစ်ရက်လျှင် ကူးစက်သူဦးရေ ၄၀၀ ကျော်အထိရှိခဲ့သည်။
အစုလိုက်အပြုံလိုက်ကူးစက်မှုကြောင့် အစိုးရသည် တင်းကျပ်သော ကူးသန်းသွားလာမှုကန့်သတ်ချက်များကို ချမှတ်ခဲ့ရသည်။
မကြာသေးမီရက်သတ္တပတ်များအတွင်း နေ့စဉ်ကူးစက်သူသစ်ဦးရေ ကျဆင်းလာမှုကြောင့် စည်းမျဉ်းတချို့ကို ဖြေလျှော့ခဲ့ပြီးဖြစ်သော်လည်း ယခုအပတ်တွင် လူသန်းပေါင်းများစွာ မွေးရပ်ပြန်သည့် ကိုရီးယားရိုးရာ ချူဆုတ်အားလပ်ရက်ရှိနေသောကြောင့် ကူးစက်မှုအန္တရာယ်ဆိုင်ရာ သတိပေးချက်များကို ကြိုတင်ထုတ်ပြန်ထားရသည်။
အားလပ်ရက်များတွင် အများပြည်သူအနေဖြင့် တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေခြင်း၊ နှာခေါင်းစည်းတပ်ခြင်းအပါအဝင် ကူးစက်မှုလျှော့ချရေးစည်းမျဉ်းများကို လိုက်နာရမည်ဖြစ်ကြောင်း အစိုးရက ညွှန်ကြားထားသည်။
အရပ်ဘက်လူ့အဖွဲ့အစည်းများက စီစဉ်ထားသည့် ဆန္ဒပြမှု ၁၃၇ ခုကိုလည်း ပိတ်ပင်ထားပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိ ဆွန် ယောင်ရေးကပြောဆိုခဲ့သည်။
ကူးသန်းသွားလာမှုကန့်သတ်စည်းမျဉ်းများ ဖြေလျှော့နိုင်ရေးအတွက် တစ်ရက်လျှင် ကူးစက်သူ ၅၀ နှင့် ၅၀ အောက်သာရှိရမည်ဖြစ်ကြောင်း ကျန်းမာရေးအာဏာပိုင်များကပြောဆိုခဲ့သည်။

















