တရားမဝင်အမှိုက်ကုန်သေတ္တာများကို ဗြိတိန်သို့ သီရိလင်္ကာ ပြန်ပို့

တရားမဝင်အမှိုက်ကုန်သေတ္တာများကို ဗြိတိန်သို့ သီရိလင်္ကာ ပြန်ပို့

အန္တရာယ်ရှိသော ပစ္စည်းများကို ပို့ဆောင်ခြင်းမပြုရဟု ပိတ်ပင်ထားသည့် နိုင်ငံတကာဥပဒေများကို ချိုးဖောက်ပြီး သီရိလင်္ကာသို့ ပို့ဆောင်လိုက်သည့် အမှိုက်ထည့်ထားသော ကုန်သေတ္တာများကို ဗြိတိန်သို့ ပြန်ပို့လိုက်ပြီဖြစ်ကြောင်း သီရိလင်္ကာအစိုးရက စက်တင်ဘာ ၂၇ ရက်တွင် ပြောဆိုခဲ့သည်။

၂၀၁၇ ခုနှစ် စက်တင်ဘာမှ ၂၀၁၈ ခုနှစ် မတ်အတွင်း အမှိုက် တန် ၂၆၀ အထိပါဝင်သည့် ကုန်သေတ္တာ ၂၁ လုံးသည် မြို့တော် ကိုလံဘိုရှိ အဓိကဆိပ်ကမ်းသို့ ရောက်ရှိခဲ့ကြောင်း အကောက်ခွန်ဌာနက ပြောဆိုခဲ့သည်။

အဆိုပါကုန်သေတ္တာများထဲတွင် အသုံးပြုပြီးဖြစ်သည့် မွေ့ရာဟောင်းများ၊ ကော်ဇောများပါဝင်သည်ဟု စာရွက်စာတမ်းများတွင် ဖော်ပြထားသော်လည်း ဆေးရုံသုံးအမှိုက်များဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု သီရိလင်္ကာအစိုးရအရာရှိများကပြောဆိုခဲ့သည်။

ကုန်သေတ္တာများကို ပို့ဆောင်လိုက်သည့် သင်္ဘောကုမ္ပဏီက ကုန်သေတ္တာ ၂၁ လုံးကို ပြန်သယ်ယူမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု အကောက်ခွန်ဌာန၏ပြောခွင့်ရှိသူ ဆူနီး ဇယရာတနာကပြောဆိုခဲ့သည်။

နိုင်ငံသို့ ကုန်သေတ္တာများပေးပို့လိုက်သူများထံမှ နစ်နာကြေးတောင်းမည်ဖြစ်ကြောင်း ဇယရတနာကပြောဆိုခဲ့သည်။

အကောက်ခွန်ဌာနက မည်သည့်အမှိုက်များပါဝင်သည်ဟု ပြောဆိုခြင်းမပြုခဲ့သော်လည်း ယခင်က တင်ပို့လိုက်သည့် အမှိုက်များတွင် အသုံးပြုပြီးသား ပတ်တီးများ၊ ရင်ခွဲရုံများမှ ခန္ဓာကိုယ်အစိတ်အပိုင်းများပါဝင်ခဲ့သည်။

ဗြိတိန်မှ တင်ပို့လိုက်သည့် အခြားကုန်သေတ္တာ ၂၄၂ လုံးသည်လည်း အဆိုပါဆိပ်ကမ်းတွင်ရှိနေသည်။ ၎င်းကုန်သေတ္တာများထဲတွင်လည်း တရားမဝင်အမှိုက်များပါဝင်နေကြောင်း အကောက်ခွန်ဌာနကပြောဆိုခဲ့သည်။

ချမ်းသာသော နိုင်ငံများမှ တရားမဝင်အမှိုက်တင်ပို့မှုများကို မကျေမနပ်ဖြစ်နေသည့် အာရှနိုင်ငံများစွာသည် လွန်ခဲ့သောနှစ်နှစ်အတွင်း တရားမဝင်အမှိုက်သေတ္တာများကို မူလနိုင်ငံများသို့ ပြန်ပို့ခဲ့ကြပြီးဖြစ်သည်။