ဗစ်တိုးရီးယား၌ တစ်ရက်အတွင်း COVID-19 ကူးစက်သူသစ် ဂဏန်းတစ်လုံးသို့ ကျဆင်း

ဗစ်တိုးရီးယား၌ တစ်ရက်အတွင်း COVID-19 ကူးစက်သူသစ် ဂဏန်းတစ်လုံးသို့ ကျဆင်း

သြစတြေးလျနိုင်ငံရှိ COVID-19 ကူးစက်မှုဗဟိုချက်ဖြစ်သည့် ဗစ်တိုးရီးယားပြည်နယ်၌ စက်တင်ဘာ ၂၈ ရက်တွင် တစ်ရက်အတွင်း ကူးစက်သူသစ်ဦးရေ ဂဏန်းတစ်လုံးသာရှိခဲ့ပြီး ယင်းသည် လွန်ခဲ့သော သုံးလကျော် အတွင်း ပထမဆုံး ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးအာဏာပိုင်များကပြောဆိုခဲ့သည်။

ကူးစက်သူသစ်ဦးရေ ကျဆင်းမှုကြောင့် တင်းကျပ်သော ကန့်သတ်မှုစည်းမျဉ်းအချို့ကို ဖြေလျှော့ခဲ့ကြောင်း သိရသည်။

လာမည့် ခရစ္စမတ်ကာလတွင် ပုံမှန်လူနေမှုဘဝနီးပါးသို့ ပြန်လည်ရောက်ရှိရန်လည်း ရည်ရွယ်နေကြောင်း သိရသည်။

သြဂုတ်လ အစောပိုင်းတွင် တစ်ရက်ပျမ်းမျှ ကူးစက်သူ ၇၀၀ ရှိခဲ့ပြီးနောက် နိုင်ငံတွင်း ဒုတိယလူဦးရေအထူထပ်ဆုံးပြည်နယ်၌ စက်တင်ဘာ ၂၈ တွင် ကူးစက်သူသစ် ငါးဦးနှင့် သေဆုံးသူ သုံးဦးရှိခဲ့သည်။

လွန်ခဲ့သော ၁၄ ရက်တွင် တစ်ရက်အတွင်း ပျမ်းမျှ ကူးစက်သူ ၂၀ ဒသမ ၉ ဦးအထိ ရှိခဲ့ရာမှ ဂဏန်းတစ်လုံးအထိ ကျဆင်းခဲ့ခြင်းသည် သိသာထင်ရှား သည့် အပြောင်းအလဲဖြစ်ခဲ့ပြီး ပြည်နယ်အစိုးရ၏ မျှော်မှန်းချက် စောစီးစွာ အကောင်အထည်ပေါ်ခဲ့ခြင်းဖြစ်သည်။

‘’ဒါက အလွန့်အလွန်ကို သိသာထင်ရှားတဲ့ ကိန်းဂဏန်းဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ မျှော်လင့်ထားတာထက် စောပြီး အောင်မြင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ လျာထားချက်တွေမတိုင်ခင် ဖြစ်လာတာပါ’’ ဟု ပြည်နယ်ဝန်ကြီးချုပ် ဒယ်နီယယ် အန်ဒရူးက နေ့စဉ်သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

သို့သော် ပြည်သူများအနေဖြင့် ချမှတ်ထားသော လူစုလူဝေးဆိုင်ရာစည်းမျဉ်းများကို ဆက်လက် လိုက်နာဆောင်ရွက်ကြရန် ၎င်းက  တိုက်တွန်း သွားခဲ့သည်။

‘’ ကူးသန်းသွားလာမှုပိတ်ပင်ကာလရဲ့ နောက်ဆုံး သီတင်းပတ်အနည်းငယ်မှာ လူတွေဟာ မှန်ကန်တဲ့ နေထိုင်မှုတွေ မရှိဘူးဆိုရင် ဒါမှမဟုတ် သူတို့ လုပ် နေတာတွေကို အမှန်မပြောဘူးဆိုရင်တော့ COVID-19 မရှိတဲ့ ပုံမှန်ခရစ္စမတ်ဆိုတာလည်း ရှိမှာ မဟုတ်ပါဘူး’’ ဟု ၎င်းက ပြောဆိုခဲ့သည်။