ဂရိ၌ COVID-19 ဖြင့် ပထမဆုံး ရွှေ့ပြောင်းဒုက္ခသည်တစ်ဦး သေဆုံး

ဂရိ၌ COVID-19 ဖြင့် ပထမဆုံး ရွှေ့ပြောင်းဒုက္ခသည်တစ်ဦး သေဆုံး

ဂရိနိုင်ငံ၌ စက်တင်ဘာ ၂၇ ရက်တွင် COVID-19 ကြောင့် ရွှေ့ပြောင်းဒုက္ခသည်တစ်ဦး သေဆုံးခဲ့ပြီး ကပ်ရောဂါ စတင်ချိန် ဖေဖော်ဝါရီမှစ၍ ပထမဆုံးသေဆုံးသည့် ခိုလှုံသူတစ်ဦးဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။ 

အသက် ၆၁ နှစ်အရွယ်ရှိ အဆိုပါ အာဖဂန်နွယ်ဖွား အမျိုးသားသည် ဂရိမြောက်ပိုင်းရှိ မာလာကာဆာ ရွှေ့ပြောင်း ဒုက္ခသည်စခန်းတွင် နေထိုင်သူဖြစ်သည်။

၎င်းသည် အေသင်မြို့ရှိ ဆေးရုံတစ်ရုံ၌ ကုသမှုခံယူခဲ့သော်လည်း သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောဆိုခဲ့ပြီး ထိတွေ့သူများကို ခြေရာခံနေကြောင်း ပြောကြားခဲ့သည်။

၎င်းသည် ဆေးရုံတွင် မည်မျှကြာအောင် ကုသမှုခံယူခဲ့သည်ကိုမူ မသိရပေ။ ရွှေ့ပြောင်းဒုက္ခသည် ၃၀၀၀ ဝန်းကျင် ရှိနေသော မာလာကာဆာ စခန်းသည် စက်တင်ဘာ ၇ ရက်တွင် COVID-19 ရောဂါ စတင်တွေ့ရှိပြီးနောက် သီးခြားထားရှိစောင့်ကြည့်မှုများ လုပ်ဆောင်ခဲ့သည်။

COVID-19 ကူးစက်မှုတားဆီးရေးအတွက် ဂရိရှိ ဒုက္ခသည်စခန်းများကို အဝင်အထွက်ပိတ်ခြင်း သို့မဟုတ် ကူးသန်းသွားလာမှု ကန့်သတ်ချက်များကို ဆောင်ရွက်ခဲ့သည်။

အရှေ့အလယ်ပိုင်းမှ တိမ်းရှောင်လာသည့် ဒုက္ခသည်များသည် ဂရိမှတစ်ဆင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ ဝင်ရောက်ရန် မျှော်မှန်းခဲ့သည်။ ၂၀၁၅ မှ ၂၀၁၆ ခုနှစ်တွင် တူရကီမှတစ်ဆင့် ဒုက္ခသည်ပေါင်း တစ်သန်းကျော် ဂရိသို့ရောက်ရှိခဲ့သည်။

ဂရိရှိ ရွှေ့ပြောင်းစခန်းများ၌ လူ ၁၁၀,၀၀၀ ခန့်နေထိုင်နေပြီး ၎င်းတို့အနက် ၄၀,၀၀၀ သည် ကျွန်းငါးကျွန်းရှိ လူသူကျပ်ညပ်နေသည့် စခန်းများတွင် နေထိုင်နေရသည်။