ကမ္ဘာတစ်ဝန်း စက်တင်ဘာ ၂၇ ရက်အထိ COVID-19 ဖြင့်သေဆုံးသူ တစ်သန်းကျော်ရှိနေပြီဖြစ်ကြောင်း အေအက်ဖ်ပီသတင်းဌာန၏စာရင်းအင်းများအရသိရသည်။
စက်တင်ဘာ ၂၇ ရက်အထိ ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်သူ ၃၃,၀၁၈,၈၇၇ ဦးနှင့် သေဆုံးသူ ၁,၀၀၀,၀၀၉ ဦးရှိနေပြီဖြစ်ကြောင်း အေအက်ဖ်ပီသတင်းဌာနက အစိုးရများက ထုတ်ပြန်သည့် စာရင်းအင်းများကို အခြေခံကာ ထုတ်ပြန်ခဲ့သည်။
အမေရိကန်ပြည်ထောင်စုသည် COVID-19 ဖြင့်သေဆုံးသူ ၂၀၀,၀၀၀ ကျော်ဖြင့် ကမ္ဘာ့သေဆုံးသူအများဆုံးရှိနေပြီး ယင်းနောက်တွင် ဘရာဇီး၊ အိန္ဒိယ၊ မက္ကဆီကိုနှင့် ဗြိတိန်တို့က အသီးသီးရပ်တည်နေသည်။
COVID-19 ပထမလှိုင်းဒဏ်ကို အပြင်းအထန်ခံခဲ့ရသည့် ဥရောပသည်လည်း ကူးစက်သူဦးရေ ပြန်တိုးလာပြီး ပါရီ၊ လန်ဒန်နှင့် မက်ဒရစ်မြို့များ၌ ကူးစက်မှုတားဆီးရေးအတွက် ကူးသန်းသွားလာမှုကန့်သတ်ချက်များကို ပြန်လည်ချမှတ်နေရသည်။
တစ်ကမ္ဘာလုံးက ညီညွတ်စွာလှုပ်ရှားဆောင်ရွက်ခြင်းမရှိပါက ကမ္ဘာတစ်ဝန်းသေဆုံးသူ နှစ်သန်းအထိရှိလာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးထားပြီးဖြစ်သည်။
ကမ္ဘာတစ်ဝန်း နောက်ဆုံးအဆင့် စမ်းသပ်နေသည့် ကာကွယ်ဆေးကိုးမျိုးရှိနေပြီဖြစ်ပြီး လာမည့်နှစ်တွင် ဖြန့်ချိနိုင်မည်ဟု မျှော်မှန်းထားသည်။

















