COVID-19 ကပ်ရောဂါကြောင့် လူငယ်များ ထိခိုက်နစ်နာနေပြီး ယခုကာလသည် လူငယ်များအတွက် ရှင်သန်နေထိုင်ရန် ခက်ခဲသောအချိန်ဖြစ်နေကြောင်း ဗြိတိန်တော်ဝင်မင်းသား ချားလ်စ်က ပြောဆိုခဲ့သည်ဟု Sunday Telegraph သတင်းစာက ဖော်ပြခဲ့သည်။
လူငယ်တစ်သန်းနီးပါးသည် အရေးတကြီး အကူအညီများ လိုအပ်နေနိုင်ကြောင်း ချားလ်စ်မင်းသားက သတင်းစာ၌ ရေးသားသည့် ဆောင်းပါးတွင် ဖော်ပြထားသည်။
ယင်းကဲ့သို့ အကူအညီလိုအပ်နေမှုများအပေါ် ကူညီပေးရာတွင် စိန်ခေါ်မှုများ ရှိနေခြင်းမှာ သံသယရှိစရာ မလိုသော်လည်း မကျော် လွှားနိုင်သည့် အရာမျိုးများ မဟုတ်ကြောင်း ချားလ်က ပြောဆိုခဲ့သည်။
လူငယ်များအပေါ် COVID-19 ၏ ရိုက်ခတ်မှုရှိနေခြင်းကို သတိပေးမှုများလည်း ရှိနေသည်။
ကူးသန်းသွားလာမှုဆိုင်ရာ စည်းမျဉ်းများ ချမှတ်ထားသည့် ကာလအတွင်း ငွေကြေးတတ်နိုင်သူများနှင့် ချို့တဲ့သူများကြား ပညာသင်ယူနိုင်မှုကွာခြားပုံကို လေ့လာသူများက ထောက်ပြခဲ့ပြီး မျက်နှာချင်းဆိုင် ထိတွေ့ကာ ပညာသင်ကြားမှုစနစ် လျော့ကျလာခြင်းသည် ရေရှည်တွင် ဆယ်ကျော်သက်များကို ထိခိုက်စေနိုင်ကြောင်း သုံးသပ်ထားကြသည်။
ထို့ အပြင် အလုပ်လက်မဲ့ဖြစ်သွားသူများထဲတွင် အများဆုံးမှာ လူငယ်လူရွယ် များ ဖြစ်နေကြောင်း စာရင်းအင်းများအရ သိရသည်။

















