USDP ပါတီတံဆိပ်ပါ အင်္ကျီကိုခွေးတွင် ဝတ်ပေးကာ  လူမှုကွန်ရက်ပေါ်တင်ခဲ့သူကို အမှုဖွင့်

USDP ပါတီတံဆိပ်ပါ အင်္ကျီကိုခွေးတွင် ဝတ်ပေးကာ  လူမှုကွန်ရက်ပေါ်တင်ခဲ့သူကို အမှုဖွင့်

ဝက်လက်မြို့နယ်၌ နိုင်ငံတော် အလံနှင့် USDP ပါတီတံဆိပ်ပါ အင်္ကျီအား ခွေးတွင်ဝတ်ဆင်ပေးကာ  လူမှုကွန်ရက်ပေါ် တင်ခဲ့သူကို ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း စက်တင်ဘာ ၂၈ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။  

လူမှုကွန်ရက် စာမျက်နှာရှိ HtetAung ဖေ့စ်ဘွတ်ခ်အကောင့်တွင် မြန်မာနိုင်ငံအလံနှင့် မြေပုံပါရှိသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတံဆိပ်ပါ အင်္ကျီအား ခွေးတွင် ဝတ်ဆင်ပေးပြီး“ဒီနေ့ပေးတာ ချက်ချင်းဝတ်ပေးလိုက်ပြီ၊ ကျေးဇူးပါ။ သားကြီး ခြင်ကိုက်ခံသက်သာတဲ့အတွက်”လို့ ရေးသားဖော်ပြထားသည်ကို စက်တင်ဘာ၂၆ ရက် နေ့လယ်ပိုင်း၌ တွေ့ရှိခဲ့ရသည်ဆိုကာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ကျီးကန် ကျေးရွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ရပ်ကျေးပါတီဥက္ကဋ္ဌဦးကျော်သီဟက သက်ဆိုင်ရာသို့ အမှုဖွင့်တိုင်ကြားခဲ့သည်။

အဆိုပါ အကောင့်သုံးစွဲသူအား စုံစမ်းရာ ကျီးကန်ကျေးရွာနေထိုင်သူဖြစ်ကြောင်း သိရသည်ဆိုကာ Htet Aung အကောင့်သုံးစွဲသူ ပိုင်ရှင်ကို အရေးယူပေးရန်  စက်တင်ဘာ ၂၇ ရက်က တိုင်ကြားခဲ့ ခြင်းဖြစ်သည်။

ရွှေပန်းကုန်းနယ်မြေရဲစခန်းက (ပ)၁၄၇/၂၀၂၀၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ၆၆(ဃ)အရ အမှုဖွင့် စုံစမ်းလျက်ရှိသည်။