COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် စည်းမျဉ်းစည်းကမ်းများကို ထုတ်ပြန်ထားခြင်းသည် ပြည်သူများကို ချုပ်ချယ်ချင်၍မဟုတ်ဘဲ ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ရေးအတွက်သာဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၂၈ ရက် ည၈ နာရီတွင် ပြည်သူသို့ အစီရင်ခံသည့်မိန့်ခွန်း၌ ထည့်သွင်းပြောဆိုခဲ့သည်။
''စည်းမျဉ်းစည်းကမ်းထိန်းသိမ်းရေးပေါ့နော်။ စည်းမျဉ်းစည်းကမ်းထိန်းသိမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်ပြီး ကျွန်မတို့စည်းမျဉ်းစည်းကမ်းတွေထုတ်ပြန်ထားတာဟာ ပြည်သူတွေကိုချုပ်ချယ်ချင်လို့ မဟုတ်ပါဘူး။ ရောဂါကို ချုပ်ချယ်ချင်လို့ပါ။ ရောဂါပြန့်ပွားမှုကိုချုပ်ချယ်ချင်လို့ ထုတ်ထားတာပါ'' ဟု ၎င်းကပြောသည်။
ထိုကဲ့သို့ စည်းမျဉ်းစည်းကမ်းများကို ထုတ်ပြန်ထားခြင်းသည် အများအကျိုးအတွက်ဖြစ်ကာ စည်းကမ်းချိုးဖောက်မှုကြောင့် အများအတွက်ထိခိုက်မှုများ ရှိလာပါက ဥပဒေအရအရေးယူရမည်ဖြစ်ကြောင်း သတိပေးပြောဆိုသည်။ ထို့ပြင် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူတစ်ဦးချင်းစီအားတန်ဖိုးထားကြောင်းနှင့် ရောဂါဖြစ်ပွားမှုအား မည်သူဖြစ်ခြင်းဆိုသည်ထက်အရေအတွက်မည်မျှခန့် ရောဂါဖြစ်ပွားနေသလဲဆိုသည့် ရှုထောင့်မှသာကြည့်နေကြောင်း ၎င်းကပြောသည်။
ရောဂါဖြစ်ပွားသူများအနေဖြင့်စိတ်ဓာတ်ကျပါက ကိုယ်ခံအားနည်းပါးနိုင်သည့်အတွက် စိတ်ဓာတ်မကျဘဲအားမွေးရန်လိုအပ်ကြောင်းနှင့် တစ်ဦးတစ်ယောက်ချင်းစီတိုင်း၏ ရုန်းကန်ရမှုဖြင့် ကိုဗစ်ဖြစ်ပွားမှုကို ကျော်လွှားရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ ထို့ပြင် အကျဉ်းသားနှင့် အချုပ်သားများ၏ လိုအပ်ချက်များနှင့် ပတ်သက်၍လည်း ထည့်သွင်းစဉ်းထားကြောင်းနှင့် အကျဉ်းထောင်နှင့်အချုပ်ခန်းများအတွင်း ရောဂါမပြန့်ပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ဆက်လက်ပြောဆိုသည်။
ရောဂါထိန်းချုပ်ရေးဆောင်ရွက်နေသည့်အချိန်အတွင်း၌ပင် တရားဥပဒေစိုးမိုးရေးကိုလည်း ဦးထိပ်ထား၍ဆောင်ရွက်နေသည့်အပြင် တရားစီရင်ရေးလုပ်ငန်းများကိုလည်း အကောင်းဆုံးဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။
ထို့ပြင် COVID-19 နှင့် ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာ အမေးအဖြေကဏ္ဍကိုလည်း အင်္ဂါ၊ ဗုဒ္ဓဟူး၊ကြာသပတေးနေ့များ၌ ည ၇ နာရီအချိန်တွင် ထုတ်လွှင့်ပြသပေးမည်ဖြစ်ကြောင်း ဆိုသည်။COVID-19 ဂယက်ကြောင့်တစ်ကမ္ဘာလုံး၌ စီးပွားရေးတိုးတက်မှုနှုန်းကျဆင်းလျက်ရှိနေပြီး မြန်မာနိုင်ငံ၏စီးပွားရေးအခြေအနေသည် သုညအောက် ကျဆင်းခြင်း မရှိသေးသည့်အာဆီယံနိုင်ငံ သုံးနိုင်ငံစာရင်းတွင်ပါဝင်နေသေးကြောင်း ပြောဆိုသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် စိုးရိမ်မှု မလွန်ကဲစေချင်ကြောင်းနှင့် အစိုးရအနေဖြင့် ထိုအခြေအနေများကို ဆက်လက် ထိန်းသိမ်းနေသည့်အပြင် တိုးတက်မှုရှိအောင် လုပ်ဆောင်သွားမည်ဟုလည်း ပြောဆိုခဲ့သည်။
















