ဖိလစ်ပိုင်နိုင်ငံ၌ ဖေ့စ်ဘွတ်ခ်လုပ်ငန်းလည်ပတ်နေရသည့် အကြောင်းအရင်းကို ထုတ်ပြန်ရန် အချိန်ကျနေပြီဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးက စက်တင်ဘာ ၂၈ ရက်တွင် တောင်းဆိုခဲ့သည်။
“ဖေ့စ်ဘွတ်ခ် ကျွန်တော် ပြောတာကိုနားထောင်ပါ၊ ကျွန်တော်တို့ကို ကူညီနိုင်မယ် မျှော်လင့်လို့ ဒီမှာ လုပ်ငန်းလည်ပတ်ခွင့်ပေးခဲ့တာပါ၊ အစိုးရက ပြည်သူတွေ အကျိုးအတွက် တစ်စုံတစ်ခုကို လူသိရှင်ကြားလုပ်ခွင့်မရဘူးဆိုရင် ဒီနိုင်ငံမှာ ဖေ့စ်ဘွတ်ခ်ရှိနေလည်း ဘာထူးသွားမှာလဲ” ဟု ဒူတာတေးက ရုပ်သံမှတစ်ဆင့်ပြောဆိုသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။
တရုတ်နှင့် ဖိလစ်ပိုင်တို့တွင် မြစ်ဖျားခံသည့် ဖေ့စ်ဘွတ်ခ်အကောင့်တုကွန်ရက်တစ်ခုကို ဖြုတ်ချလိုက်ပြီဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ်က စက်တင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် ဒူတာတေးက အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ ဖြုတ်ချခံရသည့် အကောင့်များတွင် ဖိလစ်ပိုင်ကွန်မြူနစ်ပါတီနှင့် ပါတီ၏လက်နက်ကိုင်အဖွဲ့ ပြည်သူ့သစ်စစ်တပ်တို့ကို ဝေဖန်သည့် အကောင့်များလည်းပါဝင်နေသည်။
ဖိလစ်ပိုင်ရှိ အကောင့်တုတချို့သည် စစ်တပ်၊ ရဲတပ်ဖွဲ့တို့နှင့် ဆက်စပ်မှုရှိနေကြောင်း ဖေ့စ်ဘွတ်ခ်ကပြောဆိုခဲ့သည်။ ကွန်မြူနစ်များက တပ်သားစုဆောင်းနေမှုကို သတိပေးနေသည့် မိဘများပါဝင်သော အဖွဲ့တစ်ဖွဲ့၏စာမျက်နှာကို ဖြုတ်ချခဲ့သည့်အတွက် စိတ်မကောင်းကြောင်း စစ်တပ်ကပြောဆိုခဲ့သည်။ ဖိလစ်ပိုင်အစိုးရနှင့် ကွန်မြူနစ်လက်နက်ကိုင်များသည် ၁၉၆၈ ခုနှစ်ကတည်းက ထိပ်တိုက်ဆုံခဲ့ခြင်းဖြစ်ပြီး အကျိုးဆက်အဖြစ် လူထောင်သောင်းပေါင်းများစွာ သေဆုံးခဲ့ပြီးဖြစ်သည်။
ဖိလစ်ပိုင်အစိုးရသည် အစုလိုက်အပြုံလိုက်ပျက်စီးမှု၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများကို အားပေးအားမြှောက်ပြုနေခြင်းမဟုတ်ဘဲ အတွေးအမြင်များအားပြိုင်မှုကိုသာ အားပေးနေခြင်းဖြစ်သောကြောင့် ယင်းကို လုပ်ခွင့်မရပါက ဖေ့စ်ဘွတ်ခ်သည် ဖိလစ်ပိုင်တွင် လုပ်ငန်းလည်ပတ်နေခြင်းဖြင့် အကျိုးရှိမည်ဟု မထင်ပါကြောင်း ဒူတာတေးကပြောဆိုခဲ့သည်။
အကောင့်အတုများသည် မမှန်ကန်သော အပြုအမူများကို လုပ်ဆောင်နေသောကြောင့် ဖြုတ်ချရခြင်းဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ်ကပြောဆိုခဲ့သည်။

















