အင်ဒိုနီးရှားနိုင်ငံ ဘော်နီယိုကျွန်းရှိ တရာကန်မြို့၌ စက်တင်ဘာ ၂၈ ရက်တွင် မြေပြိုမှုများဖြစ်ပွားခဲ့မှုကြောင့် လူ ၁၁ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ရှာဖွေကယ်ဆယ်ရေးအရာရှိတစ်ဦးကပြောဆိုခဲ့သည်။
မိုးသည်းထန်စွာရွာသွန်းပြီးနောက် တရာကန်ရှိ နေရာလေးနေရာ၌ မြေပြိုမှုများဖြစ်ပွားခဲ့ခြင်းဖြစ်ကာ နေအိမ်များစွာ မြေအောက်ရောက်ရှိခဲ့သည်။
၁၀ လသားကလေး နှစ်ဦးအပါအဝင် ကလေးငါးဦးသေဆုံးပြီး အခြားလူလေးဦးကိုမူ ကယ်တင်နိုင်ခဲ့သည်။
မိုးသည်းထန်စွာရွာသွန်းပြီး လေတိုက်နှုန်းပြင်းထန်ခဲ့ပြီးနောက် နေရာများစွာတို့၌ တစ်ချိန်တည်းနီးပါး မြေပြိုခဲ့ခြင်းဖြစ်ကာ လူများစွာ ထွက်ပြေးလွတ်မြောက်နိုင်ခြင်းမရှိခဲ့ကြောင်း ဒေသဆိုင်ရာရှာဖွေကယ်ဆယ်ရေးအရာရှိ အမီရတ်ဒင်က ပြောဆိုခဲ့သည်။
ပြန်လည်ဆယ်ယူရရှိသည့် ရုပ်အလောင်းများတွင် ဖခင်တစ်ဦးနှင့် ၁၀လသား ကလေးနှစ်ဦးတို့၏ရုပ်အလောင်းများလည်းပါဝင်ကြောင်း အမီရတ်ဒင်ကပြောဆိုခဲ့သည်။ တရာကန်ရှိ နေအိမ် ၁၉ လုံးခန့် လုံးဝထိခိုက်ပျက်စီးခဲ့ကြောင်း ၎င်းကပြောဆိုခဲ့သည်။
အင်ဒိုနီးရှား၌ မိုးရာသီတွင် မြေပြိုမှုနှင့် ရုတ်တရက်ရေကြီးရေလျှံမှုများကြောင့် လူမကြာခဏသေဆုံးမှုများရှိတတ်သည်။ တောင်ဆူလဝေစီခရိုင်၌ ဇူလိုင်တွင် ရုတ်တရက်ရေကြီးရေလျှံပြီး မြေပြိုမှုများကြောင့် လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့သည်။
အင်ဒိုနီးရှားလူဦးရေ၏ထက်ဝက်ခန့်ဖြစ်သော ၁၂၅ သန်းသည် မြေပြိုမှုအန္တရာယ်ရှိသည့် နေရာများတွင် နေထိုင်နေကြောင်း အင်ဒိုနီးရှားသဘာဘေးအန္တရာယ်လျှော့ချရေးဌာနက ခန့်မှန်းထားသည်။

















