COVID-19 ကူးစက်မှုမြင့်မားနေသည့် နိုင်ငံများမှ အေးခဲအစားအစာများတင်သွင်းမှု တရုတ်အစိုးရသတိပေး

COVID-19 ကူးစက်မှုမြင့်မားနေသည့် နိုင်ငံများမှ အေးခဲအစားအစာများတင်သွင်းမှု တရုတ်အစိုးရသတိပေး

ပြည်ပမှ တင်သွင်းလာသော ပင်လယ်စာများတွင် ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိခဲ့ပြီးနောက် ဗိုင်းရပ်စ်ကူးစက်မှု မြင့်မားနေသည့် နိုင်ငံများမှ အေးခဲအစားအစာများကို ရှောင်ကြဉ်ရန် သွင်းကုန်လုပ်ငန်းရှင်များအား တရုတ်အစိုးရက သတိပေးချက်ထုတ်ပြန်ထားသည်။

 

အခွန်နှင့် ဒေသဆိုင်ရာအစိုးရများသည် သွင်းကုန်အေးခဲ အစားအစာများ၌ ကိုရိုနာဗိုင်းရပ်စ်ကို ြကိမ်ဖန်များစွာ တွေ့ရှိခဲ့ရသောကြောင့် ကူးစက်မှုအန္တရာယ်ရှိနေကြောင်း ပေကျင်းစည်ပင်သာယာကုန်သွယ်ရေးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် ကမ္ဘာတစ်ဝန်းဖြစ်ပေါ်နေသော ကပ်ရောဂါအခြေအနေကို အနီးကပ် စောင့်ကြည့်ရန် စည်ပင်သာယာကုန်သွယ်ရေးဌာနက တိုက်တွန်းထားပြီး ကပ်ရောဂါကို ထိပ်တိုက်ရင်ဆိုင်နေရသောဒေသများမှ အေးခဲအစားအစာများ တင်သွင်းမှုကို ရှောင်ကြဉ်ပြီး လက်ဦးမှုရယူရန် တိုက်တွန်းထားသည်။

ကုမ္ပဏီများအနေဖြင့် ထုတ်ကုန်များတွင် ရောဂါပိုးတွေ့ရှိပါက အာဏာပိုင်များထံ အမြန်ဆုံး အကြောင်းကြားရန် ညွှန်ကြားထားကြောင်း သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)နှင့် အမေရိကန် ရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေးဌာနမှ ကျွမ်းကျင်ပညာရှင်များက ကိုရိုနာဗိုင်းရပ်စ်သည် အစားအစာများမှတစ်ဆင့် ကူးစက်နိုင်ခြေနည်းပါးကြောင်း ပြောဆိုထားသော်လည်း တရုတ်ကမူ အစားအသောက်များတွင် ရောဂါပိုး ပါဝင်နိုင်မှုကို အထူးသတိပေးချက် ထုတ်ပြန်ထားသည်။

အစားအသောက်နှင့်အတူ ပါလာနိုင်သည့် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ စိုးရိမ်သောကြောင့် တရုတ်သည် ဇွန်လတွင် အမေရိကန်ပြည်ထောင်စုရှိ တိုင်ဆန်အစားအစာကုမ္ပဏီထံမှ ကြက်သားတင်သွင်းမှုကို ရပ်ဆိုင်းခဲ့သည်။

တရုတ်ရှိ ဈေးဝယ်စင်တာတစ်ခု၌ အေးခဲငါးတချို့ကိုတွေ့ရစဉ်။ အီးပီအေ-အီးအက်ဖ်အီး