လွန်ခဲ့သောအပတ်တွင် မြောက်ကိုရီးယားစစ်သည်များ၏ပစ်သတ်ခြင်းခံခဲ့ရသည့် တောင်ကိုရီးယားငါးလုပ်ငန်းအရာရှိသည် မြောက်ကိုရီးယားသို့ တိမ်းရှောင်လိုကြောင်း ရင်ဖွင့်ပြောဆိုခဲ့သည်ဟု တောင်ကိုရီးယားကမ်းခြေစောင့်တပ်က စက်တင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါအမျိုးသားသည် မြောက်ကိုရီးယားသို့ တိမ်းရှောင်ရန် ကြိုးပမ်းခဲ့ကြောင်း တောင်ကိုရီးယားအစိုးရ၏ပြောဆိုမှုကို သေဆုံးသည့် တောင်ကိုရီးယားအရာရှိ၏အစ်ကိုဖြစ်သူက ကနဦးတွင် ငြင်းပယ်ခဲ့သည်။
၎င်းအမျိုးသားသည် မြောက်ကိုရီးယား၌ ခိုလှုံလိုကြောင်း မြောက်ကိုရီးယားစစ်သည်များကို ပြောဆိုခဲ့သည်ဟု နောက်ကြောင်းရာဇဝင်စစ်ဆေးမှု၊ စစ်ထောက်လှမ်းရေးသတင်းများနှင့် လုံခြုံရေးကင်မရာမှတ်တမ်းများအရ သိရှိခဲ့ရကြောင်း ကမ်းခြေစောင့်တပ်ကပြောဆိုခဲ့သည်။
ထို့ပြင် မြောက်ကိုရီးယားစစ်သည်များသည် ယင်းအမျိုးသား၏ကိုယ်ရေးရာဇဝင်ကိုလည်း သိရှိခဲ့ပြီးဖြစ်ကြောင်း ကမ်းခြေစောင့်တပ်ရှိ စုံစမ်းစစ်ဆေးရေးနှင့်ထောက်လှမ်းရေးဌာနအကြီးအကဲ ယွန်ဆွန်ဟွန်ကပြောဆိုခဲ့သည်။
ငါးလုပ်ငန်းအရာရှိ၏ရုပ်အလောင်းကို ပျောက်ဆုံးခဲ့သည့်နေရာမှ ၃၈ ကီလိုမီတာအကွာတွင် တွေ့ရှိခဲ့ပြီး အသက်ကယ်အင်္ကျီကိုလည်းဝတ်ဆင်ထားသောကြောင့် ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းမဖြစ်နိုင်ကြောင်း ယွန်ကပြောဆိုခဲ့သည်။ မတော်တဆမှုသာဖြစ်နိုင်ကြောင်း အစ်ကိုဖြစ်သူ လီရေးဂျင်ကပြောဆိုခဲ့သည်။
ငါးလုပ်ငန်းအရာရှိသည် ဝမ် ၅၈ သန်း( ဒေါ်လာ ၄၉၆၀၀) အကြွေးတင်နေပြီး အကြွေးကြောင့် တိမ်းရှောင်ရန် ကြိုးပမ်းခြင်းဟုတ်မဟုတ်ကို မသိနိုင်ကြောင်း ယွန်ကပြောဆိုခဲ့သည်။
အဆိုပါအမျိုးသား သယ်ဆောင်လာသည့် အသက်ကယ်ရေပေါ်ဘောကွင်းတွင် ကိုရိုနာဗိုင်းရပ်စ်ရှိနိုင်သောကြောင့် ယင်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ခဲ့ပြီးနောက် တောင်ကိုရီးယားကမ်းခြေစောင့်တပ်နှင့် ရေတပ်တို့သည် ပျောက်ဆုံးနေသည့် အမျိုးသား၏ရုပ်အလောင်းကို သင်္ဘောများစွာဖြင့် ရှာဖွေခဲ့ကြသည်။

















