ဖောင်းပြင်မြို့နယ်တွင် အသက် ၂ နှစ်ခွဲ ကလေးကို ဦးလေးက ဓားဖြင့်အသေထိုးသတ်ခဲ့သည်ဆိုမှုကိုဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း စက်တင်ဘာ ၂၉ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
စက်တင် ဘာလ ၂၇ ရက်နေ့၊ ည ၁၀ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ်၊ အုန်းသာကျေးရွာအုပ်စု ညောင်ပင်သာ ကျေးရွာတွင် အသက် (၂) နှစ်ခွဲအရွယ်ကလေးငယ်ကို ဦးလေးတော်စပ် သူမှ ဓားဖြင့်ထိုးသဖြင့် သေဆုံးခဲ့ကြောင်း သတင်းအရဖောင်းပြင်မြို့မရဲစခန်းမှူး ဒုရဲမှူးကျော်အောင် နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။သေဆုံးသူမှာ ညောင်ပင်သာကျေးရွာ နေ ဦးဉာဏ်ဝင်း၏မြေးဖြစ်သူအသက် ၂ နှစ်ခွဲအရွယ် အောင်ဖြိုးဟိန်း ဖြစ်ပြီး မျက်နှာ၊ရင်ဘတ်နှင့် ဝမ်းဗိုက်တို့တွင် ဓားဒဏ်ရာ အများအပြား တွေ့ရှိခဲ့သည်။
စုံစမ်းချက်အရ ညနေ ၅နာရီခွဲအချိန်တွင် ဦးဉာဏ်ဝင်းနှင့် သားဖြစ်သူကျော်မင်းတို့သည် ရွာ၏အရှေ့တောင်ဘက်လယ်တဲ၌နွားများကိုစားကျက်မှသိမ်းခဲ့သည်။သားဖြစ်သူကျော်မင်းမှာ ကျေးရွာလျှပ်စစ်မီးလင်းရေးအတွက် မီးစက်မောင်းရန် ညောင်ပင်သာ ကျေးရွာသို့ပြန်သွားခဲ့သည်။
ည ၁၀ နာရီအချိန်ခန့်တွင် ရွာမှတဲသို့လာရာ လယ်ကြားလမ်းအမှောင်ထဲမှ ကလေးငိုသံနှင့် သားဖြစ်သူကျော်မင်းတို့၏ အော်သံ၊ဆဲသံများကိုကြားခဲ့ရသည်။မိနစ် ၂၀ခန့်အကြာတွင် သားဖြစ်သူကျော်မင်းမှာ မြေးဖြစ်သူ မောင်အောင်ဖြိုးဟိန်းကိုပွေ့ချီ၍ တဲပေါ်သို့ခေါ်လာခဲ့သည်။ဦးဉာဏ်ဝင်းမှ ကလေးအော်သံလည်းကြားတယ် ဘာဖြစ်တာလဲဟုမေးခဲ့သည်။ ကျော်မင်းက ၎င်းလက်ထဲတွင် ပွေ့ချီလာသူမှာ အမှောင်ထဲတွင် ၎င်းမြင်စဉ်က တူဖြစ်သူအောင်ဖြိုးဟိန်းမဟုတ်ကြောင်း၊ ကြောက်စရာ အသွင်သဏ္ဍာန်တစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့်ထင်ယောင်ထင်မှားဖြစ်ကာ ကြောက်လန့်ပြီး ထားဖြင့်ထိုးခဲ့ကြောင်းပြောပြီး ကလေးကိုတဲ အရှေ့ခန်းတွင်ချပြခဲ့သည်။
ဦးဉာဏ်ဝင်းကကြည့်လိုက်ရာ မြေးအောင်ဖြိုးဟိန်းဖြစ်ကြောင်းသိရပြီး ကလေးတွင် ဓားဒဏ်ရာအများအပြား တွေ့ရပြီး သေဆုံးနေကြောင်းသိရသဖြင့်ကျော်မင်း(၃၂)နှစ်ကို အရေးယူရန်တိုင်ကြားခဲ့သည်။
ကျော်မင်း(၃၂)နှစ်ကို ဖောင်းပြင်မြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရအမှုဖွင့်ကာ ဒုရဲမှူးကျော်အောင်က စစ်ဆေးလျက်ရှိသည်။

















