အိမ်ဖြူတော်အကြံပေး စကော့ အက်တလတ်စ်သည် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အား သတင်းမှားများပေးနေကြောင်း အမေရိကန်ကျန်းမာရေးထိပ်တန်းအရာရှိနှစ်ဦးက ပြောဆိုခဲ့သည်။
အိမ်ဖြူတော်က ဖွဲ့စည်းထားသည့် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအထူးအဖွဲ့တွင် မကြာသေးမီကမှပါဝင်ခဲ့သည့် အက်တလတ်စ်သည် နောက်ခံအကြောင်းအရင်းကို မကြည့်ဘဲ မမှန်ကန်သည့် သတင်းများကို ထောက်ပံ့ပေးနေကြောင်း အမေရိကန်ကူးစက်ရောဂါတိုက်ဖျက်ရေးပညာရှင် အန်ထော်နီ ဖောက်ချီက CNN သတင်းဌာနသို့ စက်တင်ဘာ ၂၈ ရက်တွင် ပြောဆိုခဲ့သည်။
အမေရိကန်ရောဂါတိုက်ဖျက်ရေးနှင့် ကာကွယ်ရေးဗဟိုဌာနအကြီးအကဲ ရောဘတ် ရတ်ဖီးကလည်း အလားတူပြောဆိုခဲ့ပြီးဖြစ်သည်။ အက်တလတ်စ်ပြောသမျှ အမှားချည်းသာဖြစ်ကြောင်း ရတ်ဖီးကပြောဆိုခဲ့သည်ဟု NBC သတင်းဌာနက ဖော်ပြခဲ့သည်။
ကူးစက်ရောဂါလေ့လာမှုနောက်ခံမရှိသည့် အာရုံကြောဗေဒပညာရှင် အက်တလတ်စ်သည် နှာခေါင်းစည်းတပ်ခြင်းအရေးမပါကြောင်းပြောဆိုခဲ့ပြီး လူများစွာ ဗိုင်းရပ်စ်ကူးစက်ခံထားရပြီးပါက လူများ ဗိုင်းရပ်စ်ယဉ်သွားပြီး အခြားလူများကို ဆက်လက်ကူးစက်စေနိုင်ခြင်းမရှိတော့ကြောင်း ပြောဆိုခဲ့သည့်အတွက် ဝေဖန်မှုများနှင့် ကြုံနေရသည်။
ထရမ့်သည်လည်း အက်တလတ်စ်ပြောဆိုသကဲ့သို့ပင် ပြောဆိုခဲ့ပြီးဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၌ ကူးစက်ရောဂါဖြစ်ပွားမှုအဆုံးသတ်တော့မည်ဖြစ်ကြောင်း ထရမ့်က စက်တင်ဘာ ၂၈ ရက်တွင် ပြောဆိုခဲ့ပြီးဖြစ်သည်။
စတန်းဖို့ဒ်တက္ကသိုလ်ရှိ အက်တလတ်စ်၏လုပ်ဖော်ကိုင်ဖက်များနှင့် အခြားပညာရှင်များကလည်း အက်တလတ်စ်၏ပြောဆိုမှုများကို ရှုတ်ချခဲ့ကြပြီးဖြစ်သည်။ ထရမ့်၏အကြံပေးများသည် ကွဲပြားသော အမြင်များကို တင်ပြခဲ့သော်လည်း သမ္မတသည် ပေးလာသော အကြံအားလုံးကိုနားထောင်ပြီး ကိုယ်တိုင်ဆုံးဖြတ်ချက်ချမှတ်လေ့ရှိကြောင်း အိမ်ဖြူတော်၏ပြောခွင့်ရှိသူ ဆာရာ မက်သယူးစ်ကပြောဆိုခဲ့သည်။

















