ငါးဒေါ်လာတန် COVID-19 စစ်ဆေးကိရိယာ သန်း ၁၂၀ ကို ဆင်းရဲသောနိုင်ငံများသို့ ဖြန့်ချိမည်

ငါးဒေါ်လာတန် COVID-19 စစ်ဆေးကိရိယာ သန်း ၁၂၀ ကို ဆင်းရဲသောနိုင်ငံများသို့ ဖြန့်ချိမည်

တစ်ခုလျှင် ငါးဒေါ်လာခန့်သာ အများဆုံးကျသင့်မည့်အပြင် ရလဒ်များကို အချိန်တိုတွင်း ထုတ်ပေးနိုင်သည့် COVID-19 စမ်းသပ်ကိရိယာ သန်း ၁၂၀ ခန့် ကို ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနည်းနိုင်ငံများအား ဖြန့်ချိပေးမည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က စက်တင်ဘာ ၂၈ ရက်တွင် ပြောဆိုခဲ့သည်။

နိုင်ငံ ၁၃၃ နိုင်ငံတွင် COVID-19 ရှိမရှိ အချိန်တိုတွင်း စစ်ဆေးအဖြေထုတ်ပေးကာ ကုန်ကျစရိတ်လည်းနည်းပါးမည့် စမ်းသပ်ကိရိယာများ လိုအပ်နေသည်။

ယင်းကိရိယာ သန်း ၁၂၀ ခန့်ကို ခြောက်လအတွင်း ထုတ်ပေးရန် ထုတ်လုပ်ရေးကုမ္ပဏီများဖြစ်သည့် Abbott နှင့် SD Biosensor တို့သည် ဘီလ်နှင့်မိလန္ဒာဂိတ်စ်ဖောင်ဒေးရှင်းတို့နှင့် သဘောတူညီမှုရရှိခဲ့ပြီးဖြစ်ကြောင်း WHO အကြီးအကဲ တဲဒရိုစ် အဓာနွမ် ဂျီဘရီယဲဆပ်စ်ကပြောဆိုခဲ့သည်။

ယင်းကိရိယာများကို ယခုလောလောဆယ်တွင် တစ်ခုလျှင် ငါးဒေါ်လာခန့်သတ်မှတ်ထားသော်လည်း နောင်တွင် ယင်းထက်လည်း ဈေးသက်သာလာနိုင်ခြေရှိနေကြာင်း တဲဒရိုစ်ကပြောဆိုခဲ့သည်။

ယင်းကိရိယာငယ်များကြောင့် ဓာတ်ခွဲခန်းများမရှိနိုင်သည့် ဝေးလံသီခေါင်သော ဒေသများတွင် စစ်ဆေးရန် ပိုမိုအဆင်ပြေသွားနိုင်ကြောင်း တဲဒရိုစ်ကပြောဆိုခဲ့သည်။

ဆင်းရဲသော နိုင်ငံများတွင် စစ်ဆေးမှုများစွာပြုလုပ်နိုင်ရေးအတွက် ယခုသဘောတူညီမှုသည် မိုင်တိုင်တစ်ခုဖြစ်ကြောင်း စီမံကိန်းတွင် ပါဝင်နေသည့် Innovative New Diagnostics ဖောင်ဒေးရှင်း၏အမှုဆောင်အရာရှိ ကာထရီနာ ဘိုဟဲကပြောဆိုခဲ့သည်။

ဓာတ်ခွဲခန်းမလိုအပ်သည့် antigen tests များသည် ၁၅ မိနစ်အတွင်း ရလဒ်များထုတ်ပေးနိုင်ပြီး ကိုယ်ဝန်ရှိမရှိစစ်ဆေးသည့် ကိရိယာကဲ့သို့ပင် အသုံးပြုရလွယ်ကူကြောင်း ဘိုဟဲကပြောဆိုခဲ့သည်။ ဂျနီဗာ အခြေစိုက် The Global Fund to Fight AIDS, Tuberculosis and Malaria သည် ဝယ်ယူရေးရန်ပုံငွေအတွက် ကနဦးစိုက်ထုတ်ငွေ ဒေါ်လာ သန်း ၅၀ ထောက်ပံ့ပေးထားသည်။