မန္တလေးမြို့၌ PPE ဝတ်စုံ လိုအပ်ချက်ရှိနေသည့် ပရဟိတအဖွဲ့များသို့ အလှူရှင်များ စုပေါင်းလှူဒါန်း

မန္တလေးမြို့၌ PPE ဝတ်စုံ လိုအပ်ချက်ရှိနေသည့် ပရဟိတအဖွဲ့များသို့ အလှူရှင်များ စုပေါင်းလှူဒါန်း

COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်နေသည့် လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ပရဟိတအဖွဲ့များအတွက် လိုအပ်နေသည့် PPE ဝတ်စုံများကို ပုဂ္ဂလိကအဖွဲ့အစည်းများနှင့်အတူ အလှူရှင်များက စုပေါင်းလှူဒါန်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(မန္တလေး)က မြို့နယ်အသီးသီးရှိ လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် ပရိဟိတအဖွဲ့ခြောက်ဖွဲ့ထံသို့ တစ်ဖွဲ့လျှင် ဝတ်စုံ ၂ဝ နှုန်းဖြင့် စုစုပေါင်း PPE ဝတ်စုံအထည် ၁၂ဝ ကို စက်တင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းက လှူဒါန်းခဲ့ခြင်းဖြစ်သည်။ယခုကဲ့သို့လှူဒါန်းမှုများကြောင့် အဖွဲ့များတွင် အရေးပေါ်လိုအပ်လျက်ရှိသည့် PPE ဝတ်စုံအခက်အခဲများ အဆင်ပြေနိုင်ကြောင်း သိရသည်။

''စက်တင်ဘာ ၂၅ ရက်တုန်းကလည်း မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်အောင်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းတို့ကနေ လက်ရှိမန္တလေးမြို့မှာ ပိုးတွေ့လူနာအများဆုံးမြို့နယ်ဖြစ်တဲ့ မဟာအောင်မြေထဲက ပရဟိတညီနောင်အသင်း လေးသင်းအတွက်တစ်သင်းကို PPE ဝတ်စုံ ၁၅ စုံနှုန်းနဲ့ လှူဒါန်းပေးထားပါတယ်။ လက်ရှိအသင်းတွေမှာ PPE ဝတ်စုံတွေ အရေးပေါ်လိုအပ်နေတယ်ဆိုတာသိကြတဲ့ စေတနာအလှူရှင်တွေဘက်က သူတို့တတ်နိုင်သလောက် လာရောက်လှူဒါန်းကြတဲ့အတွက် အရမ်းကိုဝမ်းသာပါတယ်။ တစ်ထည်ကို ၁၈,ဝဝဝ ကျပ် ဝန်းကျင်ရှိတဲ့ဝတ်စုံက ဝတ်ဆင်တဲ့သူတွေအတွက် လုံခြုံမှုကို အပြည့်အဝေပေးနိုင်တာပါ။ ဈေးနည်းတဲ့ဝတ်စုံတွေဝတ်မိလို့ ပရဟိတသမားတစ်ယောက်ကူးစက်ခံရပြီဆိုရင် ကိုဗစ်ထိန်းချုပ်ရေးလုပ်ငန်းကိုအများကြီးထိခိုက်စေနိုင်ပါတယ်။ တချို့အလှူရှင်တွေကျတော့ သူတို့လက်လှမ်းမီရာကဝတ်စုံတွေကို နားမလည်ပဲဝယ်ပြီးတော့ လာရောက်လှူဒါန်းတဲ့အခါ အရည်အသွေးမမီတဲ့ ဝတ်စုံမျိုးဆိုရင် မဝတ်ရတော့ဘဲ အလဟသဖြစ်ကုန်တာပေါ့'' ဟု မဟာလူမှုကယ်ဆယ်ရေးအဖွဲ့မှဥက္ကဌဦးသက်ထွန်းဝင်း(ခ) ကိုသက်ကြီးက ပြောသည်။

လက်ရှိတွင် မန္တလေးမြို့ရှိ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ပရဟိတအဖွဲ့များမှ မြို့နယ်အလိုက်ချိတ်ဆက်ကာ ပိုးတွေ့လူနာများအား ကုသရေးဆေးရုံများသို့ ပို့ဆောင်ရေး၊ လူနာနှင့်ထိတွေ့မှုရှိသူများကို Facility Quarantine Center သို့ အမြန်ဆုံးပို့ဆောင်ရေးနှင့် Quarantine ရက်ပြည့်သူများအား နေအိမ်သို့ပြန်လည်ပို့ဆောင်ပေးခြင်းတို့ကို ကူညီလုပ်ဆောင်ပေးလျက်ရှိသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း စက်တင်ဘာ ၂၇ ရက်ညနေပိုင်းအထိစာရင်းများအရ Facility Quarantine Center များတွင် အသွားအလာကန့်သတ်စောင့်ကြည့်ခံထားရသူ ဦးရေစုစုပေါင်း ၂၆ဝ၁ ဦးနှင့် နေအိမ်တွင် Quarantine ထားရှိသူ ၂၅၃ ဦးရှိကြောင်း သိရသည်။ မန္တလေးတိုင်းအတွင်း မြို့နယ်ပေါင်း၂၈ မြို့နယ်ရှိသည့်အနက် ၁၈ မြို့နယ်တွင် COVID-19 အတည်ပြုလူနာများတွေ့ရှိရခြင်းဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး