ပဲခူးမြို့တွင် အကြွေးလာတောင်းသူ ကိုငှက်ကြီးတောင်ဓားဖြင့်ခုတ်သတ်ခဲ့သည်ဆိုသူကို ဖမ်းဆီးအရေး ယူထားကြောင်း စက်တင်ဘာ ၃၀ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
စက်တင်ဘာ၂၉ ရက်နံနက် ၉ နာရီအချိန်ခန့်တွင် ပဲခူးမြို့နေဦးနေမျိုး သည်၄င်းဖွင့်လှစ်ထားသည့်ပဲခူးမြို့ရှင်စောပုရပ်ကွက်၊ရှင်စောပုဘုရားလမ်းရှိ ဆိုင်ကယ်ရောင်းဝယ်ရေး ဆိုင်တွင် ရှိနေစဉ်ဇနီးဖြစ်သူဒေါ်စန်းစန်းမော်ကဖုန်းဖြင့်ဆက်သွယ်၍"အကြွေးရစရာရှိသောမျိုးကိုကို(ခ)ငမျိုးတို့လင်မယားနှစ်ယောက်လုံး အိမ်မှာရှိနေတယ်”ဟုဖုန်းလှမ်းဆက်ပြောခဲ့သည်။ဦးနေမျိုးမှ အလုပ်မအားသေး၍"နောက်မှဖုန်းပြန်ခေါ်မယ်"ဟုဇနီးဖြစ်သူဒေါ်စန်းစန်းမော်ကိုပြောကာဖုန်းချခဲ့သည်။
နံနက် ၉ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် ဇနီးဖြစ်သူဒေါ်စန်းစန်းမော်ကိုဖုန်းပြန်ခေါ်ဆိုပြီး"အချိန်နဲ့အခါနဲ့ကြည့်ဒီအချိန်က ပိုက်ဆံမပေးလို့ စကားများ ရန်ဖြစ်ရမယ့်အချိန်မဟုတ်ဘူး" ဟု အကျိုးအကြောင်းပြောဆိုကာအကြွေးကို အတင်းဖိအားပေးမတောင်းရန်ပြော၍ ဖုန်းချခဲ့သည်။
နံနက် ၉ နာရီ ၅၃ မိနစ်အချိန်ခန့်တွင် ဦးနေမျိုးမှ ဇနီးဖြစ်သူ ကို စိတ်မချ၍ ထပ်မံဖုန်းဆက်ရာဇနီးဖြစ်သူဒေါ်စန်းစန်းမော်မှ " အေးပြော" ဟုသာ ပြန်ပြောပြီးဖုန်းဆက်မပြောတော့ဘဲ ဖုန်းထဲမှမျိုးကိုကို(ခ)ငမျိုးက "နင်သေပြီးမှတ်လား၊ နင်သေပြီး မှတ်လား" ဟု အော်ဟစ်ပြောဆိုပြီး ရုန်းရင်းဆန်ခတ် အချင်းများနေသံကို ဖုန်းထဲမှကြားသိနေရသောကြောင့်စိတ်ပူကာ ဦးနေမျိုးမှမျိုးကိုကို(ခ)ငမျိုးနေထိုင်သောရှင်စောပုရပ်ကွက်၊ ဆိုရှယ်လစ် (၂၃)လမ်းသို့ လိုက်သွားခဲ့သည်။
ထိုသို့လိုက်သွားစဉ် ဇနီးဖြစ်သူဒေါ်စန်းစန်းမော်မှာမျိုးကိုကို(ခ)ငမျိုး၏နေအိမ်ရှေ့လမ်းမပေါ်တွင် ဝဲဘက်နားထင်မှနောက်စေ့ထိပြတ်ရှဒဏ်ရာ ၂ ချက်၊ဦးခေါင်းထိပ်ပြတ်ရှဒဏ်ရာတစ်ချက်တို့နှင့်မှောက်လျက်အနေအထားနှင့်သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရသည်။သေဆုံးသူဒေါ်စန်းစန်းမော် အနီး သွေးစွန်းနေသည့်ငှက်ကြီးတောင်ဓါးတစ်ချောင်းကိုတွေ့ရှိခဲ့ရသောကြောင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။
ပဲခူးမြို့မရဲစခန်း(ပ)၁၀၇၀/၂၀၂၀ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရအမှုဖွင့်ကာ ထွက်ပြေးတိမ်းရှောင်သူ မျိုးကိုကို(ခ)ငမျိုး ကို ဖမ်းဆီးရမိရေး အတွက်၊ပဲခူးမြို့မရဲစခန်းမှူး ဒုရဲမှုးနိုင်စိုးက စုံစမ်းခဲ့သည်။ စက်တင်ဘာ၂၉ ညနေ ၃ နာရီအချိန်ခန့်တွင် ထွက်ပြေးတိမ်းရှောင်သူ မျိုးကိုကို(ခ)ငမျိုး ကိုပဲခူးမြို့ အမှတ်(၃)ရဲစခန်းအပိုင်ခြုံထဲတွင်ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်အရေး ယူထားသည်။

















