အိန္ဒိယ၌ အုပ်စုဖွဲ့ လိင်အနိုင်ကျင့်ခံရသည့် ဇာတ်နိမ့်အမျိုးသမီးတစ်ဦး သေဆုံး

အိန္ဒိယ၌ အုပ်စုဖွဲ့ လိင်အနိုင်ကျင့်ခံရသည့် ဇာတ်နိမ့်အမျိုးသမီးတစ်ဦး သေဆုံး

အိန္ဒိယနိုင်ငံ၌ အမျိုးသားတစ်စု၏လိင်ပိုင်းအနိုင်ကျင့်ခံရပြီးနောက် ဆေးရုံ၌ ကုသမှုခံယူနေရသည့် ဇာတ်နိမ့်အမျိုးသမီးတစ်ဦးသည် စက်တင်ဘာ ၂၉ ရက်တွင် သေဆုံးခဲ့သည်။

အမျိုးသမီးသေဆုံးခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း အမျိုးသမီးများအပေါ် ကာကွယ်စောင့်ရှောက်ရန် ပျက်ကွက်မှုဖြင့် ဆန္ဒပြမှုများနှင့် အစိုးရအပေါ် ဝေဖန်မှုများရှိလာခဲ့သည်။

အိန္ဒိယနိုင်ငံ၌ အမျိုးသမီးများစွာ လိင်ပိုင်းအနိုင်ကျင့်ခံနေရသဖြင့် နိုင်ငံသည် အမျိုးသမီးတစ်ဦးအတွက်ရှင်သန်နေထိုင်ရန် အဆိုးရွားဆုံးနိုင်ငံဖြစ်ကြောင်း ပြောဆိုမှုများရှိလာခဲ့သည်။ အိန္ဒိယ၌ ၂၀၁၈ ခုနှစ်တွင် ၁၅ မိနစ်တိုင်း အမျိုးသမီးတစ်ဦး လိင်ပိုင်းအနိုင်ကျင့်ခံနေရကြောင်း တိုင်ကြားမှုရှိနေသည်ဟု အစိုးရက ဇန်နဝါရီတွင် ထုတ်ပြန်ခဲ့သည့် စာရင်းအင်းများအရသိရသည်။

အမျိုးသမီးများအတွက် ကာကွယ်ပေးမှုလုံးဝမရှိကြောင်း၊ ရာဇဝတ်ကောင်များသည် ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေကြောင်း အတိုက်အခံကွန်ဂရက်စ်ပါတီအကြီးအကဲ ပရိယန်ကာ ဂန္ဓီ ဝေဒရာကပြောဆိုခဲ့သည်။

ဇာတ်နိမ့်နွယ်ဝင် အသက် ၁၉ နှစ်အရွယ် အမျိုးသမီးသည် ဒေလီမြို့မှ ၁၀၀ ကီလိုမီတာအကွာ ဟာထရာစ်မြို့ရှိ လယ်ကွင်းတစ်ခုအနီး စက်တင်ဘာ ၁၄ ရက်တွင် လိင်ပိုင်းအနိုင်ကျင့်ခံခဲ့ရခြင်းဖြစ်သည်။

ရာဇဝတ်မှုနှင့်ဆက်စပ်၍ အမျိုးသားလေးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီးဖြစ်သည်။ စက်တင်ဘာ ၂၈ ရက်တွင် အမျိုးသမီးအား မွေးရပ် ဥတ္တရာပရာဒေ့ရှ်ပြည်နယ်မှ နယူးဒေလီရှိ ဆက်ဒါဂျန်ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ကုသမှုများပြုလုပ်ပေးခဲ့ကြောင်း အာဏာပိုင်များကပြောဆိုခဲ့သည်။

ဇာတ်နိမ့်များအရေးလှုပ်ရှားသည့် ဘင်းစစ်တပ် အမည်ရှိ ပါတီမှ ပါတီဝင်များသည် စက်တင်ဘာ ၂၉ ရက်တွင် ဆေးရုံဝင်းအတွင်းဝင်ရောက်ပြီး ရင်ခွဲရုံအနီးတွင် ကြွေးကြော်သံများကို ရွတ်ဆိုကာ ဆန္ဒထုတ်ဖော်ခဲ့သည်။

စုံစမ်းစစ်ဆေးမှုနှင့် အထောက်အထားစုဆောင်းမှုများကို အမြန်ဆုံးလုပ်ဆောင်မည်ဖြစ်ကြောင်း ဟာထရာစ်ရှိ အာဏာပိုင်များကထုတ်ပြန်ပြောဆိုခဲ့သည်။ ဝန်ကြီးချုပ်နာရိန္ဒြာမိုဒီ၏ ဟိန္ဒူအမျိုးသားရေးပါတီ BJP က အုပ်ချုပ်နေသည့် ဥတ္တရာပရာဒေ့ရှ်ပြည်နယ်သည် နိုင်ငံတွင်း အမျိုးသမီးများအတွက် မလုံခြုံဆုံးပြည်နယ်ဖြစ်ကြောင်း သတ်မှတ်ခံထားရသည်။