တရုတ်နိုင်ငံရှိ Coyote ကုမ္ပဏီသည် ဓာတ်ခွဲခန်းတစ်ခုက ရလဒ်ထုတ်ပေးချိန်ထက် ပိုမိုတိုတောင်းပြီး စိတ်လည်းချရသည့် COVID-19 ရှိမရှိစစ်ဆေးသည့် ကိရိယာများကို ကမ္ဘာတစ်ဝန်းဖြန့်ချိရန် ပြင်ဆင်နေပြီဖြစ်သည်။
Flash 20 သည် COVID-19 ရှိမရှိစစ်ဆေးသည့် PCR tests များအနက် အမြန်ဆုံးဖြစ်သည့် ကိရိယာဖြစ်ကြောင်း ကုမ္ပဏီတည်ထောင်သူ ဆဘရီနာ လီကပြောဆိုခဲ့သည်။
PCR tests များသည် စစ်ဆေးမှုတွင် အဓိကကျသည့် နည်းလမ်းဖြစ်ပြီး ကူးစက်ရောဂါတိုက်ဖျက်ရေးတွင် အထိရောက်ဆုံး လုပ်ဆောင်မှုလည်းဖြစ်သည်။
ကုမ္ပဏီထုတ် ကိရိယာများကို တရုတ်နိုင်ငံရှိ လေဆိပ်နှင့် ဆေးရုံများတွင် အသုံးပြုနေပြီဖြစ်သည်။ ကိရိယာများသည် နမူနာလေးခုကို တစ်ချိန်တည်းစစ်ဆေးနိုင်ပြီး နာရီဝက်အတွင်း ရလဒ်ထုတ်ပေးနိုင်သည်။
ကိရိယာကို ဥရောပသမဂ္ဂနှင့် သြစတြေးလျတို့ကလည်း အသိအမှတ်ပြုလက်မှတ်ထုတ်ပေးထားပြီး အမေရိကန်ပြည်ထောင်စုနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ထံမှ အလားတူအသိအမှတ်ပြုမှုရရှိရန် ကြိုးပမ်းနေသည်။
ရလဒ်များကို ၁၅ မိနစ်မှ မိနစ် ၃၀ အတွင်း ထုတ်ပေးနိုင်သည့် ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးကိရိယာ သန်း ၁၅၀ ခန့်ကို နိုင်ငံတွင်း ဖြန့်ချိလိုက်ပြီဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က စက်တင်ဘာ ၂၈ ရက်တွင် ပြောဆိုခဲ့သည်။
PCR tests နှင့် ကွဲပြားသည့်အချက်မှာ ယင်းရလဒ်ကို အမြန်ဆုံးထုတ်ပေးနိုင်သည့် ကိရိယာများသည် ရလဒ်မှားထုတ်ပေးနိုင်ခြေများခြင်းဖြစ်သည်။
ပရင်တာတစ်လုံးအရွယ်အစားရှိသည့် Flash 20 သည် ရလဒ်ထွက်မြန်သလို လွန်စွာလည်း ယုံကြည်စိတ်ချရကြောင်း ကုမ္ပဏီကပြောဆိုခဲ့သည်။
တရုတ်၌ အာဏာပိုင်များသည် ဖေဖော်ဝါရီမှ ဇူလိုင်အထိ Flash 20 ကိုအသုံးပြုပြီး စစ်ဆေးမှု ၅၀၀၀၀၀ ခန့်ကို ပြုလုပ်ခဲ့ပြီး PCR tests များကထုတ်ပေးသည့် ရလဒ်နှင့် ၉၇ ရာခိုင်နှုန်းတူညီကြောင်း တွေ့ရှိခဲ့သည်။

















