တောင်ကိုရီးယားနိုင်ငံ၌ COVID-19 ကူးစက်ခံရပြီး ပြန်ကျန်းလာသူ ၁၀ ဦးအနက် ကိုးဦးသည် မောပန်းလွယ်ခြင်း၊ စိတ်ကျခြင်း၊အာရုံစိုက်ရခက်ခြင်းကဲ့သို့ စိတ်ပိုင်းဆိုင်ရာခံစားချက်များ၊ အနံ့နှင့်အရသာပျောက်ခြင်း အစရှိသည့် နောက်ဆက်တွဲဆိုးကျိုးများကိုခံစားနေရကြောင်း တောင်ကိုရီးယားရှိ ကနဦးလေ့လာမှုတစ်ခုအရသိရသည်။
ပြန်လည်ကျန်းမာလာသည့် COVID-19 လူနာ ၉၆၅ ဦးကို အွန်လိုင်းမှတစ်ဆင့် စစ်တမ်းကောက်ယူမှုအရ ၈၇၉ ဦးသို့မဟုတ် ၉၁ ဒသမ ၁ ရာခိုင်နှုန်းက နောက်ဆက်တွဲဆိုးကျိုးတစ်ခုမဟုတ် တစ်ခုကို ခံစားနေရကြောင်း ပြောဆိုခဲ့သည်ဟု ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာနမှအရာရှိ ကွန်ဂျွန်ဝုခ်ကပြောဆိုခဲ့သည်။
စစ်တမ်းဖြေဆိုသူ ၂၆ ဒသမ ၂ ရာခိုင်နှုန်းက အားအင်ပြတ်လပ်သလိုဖြစ်ကာ မောပန်းလွယ်ကြောင်း ပြောဆိုခဲ့ပြီး ၂၄ ဒသမ ၆ ရာခိုင်နှုန်းက အာရုံမစိုက်နိုင်တော့ကြောင်း ပြောဆိုခဲ့သည်ဟု ကွန်ကပြောဆိုခဲ့သည်။
ဒေဂူးရှိ ကျွန်ပုခ်အမျိုးသားဆေးတက္ကသိုလ်မှ ကိုယ်တွင်းအင်္ဂါဆေးပညာပါမောက္ခ ကင်ရှင်ဝူးသည် ပြန်လည်ကျန်းမာလာသူ ၅၇၆၂ ဦးကို မေးမြန်းခဲ့ရာ ၁၆ ဒသမ ၇ ရာခိုင်နှုန်းက ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်ကြောင်း ကွန်က ပြောဆိုခဲ့သည်။
သုတေသနကို အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ခဲ့သော်လည်း ဦးဆောင်သုတေသနပညာရှင် ကင်သည် နောက်ထပ်ကျနစွာလေ့လာပြီး ပညာရပ်ဆိုင်ရာဂျာနယ်တစ်ခုခုတွင် ထည့်သွင်းဖော်ပြမည်ဖြစ်သည်။
လာမည့်နှစ်တွင် လူနာများ၏ဦးနှောက်များကို ပုံရိပ်ဖော်စက်ဖြင့် လေ့လာပြီး သုတေသနပြုမှုကိုဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ကွန်ကပြောဆိုခဲ့သည်။ တောင်ကိုရီးယားနိုင်ငံ၌ COVID-19 ကူးစက်သူ ၂၃၆၉၉ ဦးနှင့် သေဆုံးသူ ၄၀၇ ဦးရှိနေသည်။

















