မြောက်ကိုရီးယားသည် ရေနံတင်သွင်းမှုကန့်သတ်ချက်ကိုကျော်လွန်ခြင်း၊ ဂျူဗင်တပ်စ်ဘောလုံးသမားဟောင်းတစ်ဦးအပါအဝင် နိုင်ငံသားများကို ပြည်ပသို့စေလွှတ်ခြင်းတို့အပါအဝင် နျူကလီးယားစီမံကိန်းနှင့်ပတ်သက်၍ နိုင်ငံတကာကချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို ချိုးဖောက်နေကြောင်း ကုလသမဂ္ဂက စက်တင်ဘာ ၂၉ ရက်တွင် ပြောဆိုခဲ့သည်။
မြောက်ကိုရီးယားသည် ရေနံတင်သွင်းမှုကန့်သတ်ခံရခြင်း၊ ကျောက်မီးသွေး၊ ငါးနှင့် အဝတ်အထည်တင်ပို့မှုပိတ်ပင်ခံရခြင်းတို့အပါအဝင် ပိတ်ဆို့မှုများကို ၂၀၁၇ ခုနှစ်ကတည်းက ကြုံခဲ့ရသည်။
သို့သော် မြောက်ကိုရီးယားသည် နျူနှင့် ဒုံးကျည်တို့အပါအဝင် လက်နက်များကို ပိုမိုထုတ်လုပ်စုဆောင်းနိုင်ခဲ့ကြောင်း လေ့လာသူများကပြောဆိုခဲ့သည်။
မြောက်ကိုရီးယားသည် သန့်စင်ပြီးရေနံထုတ်ကုန် စည် ၅၀၀၀၀၀ အထိသာ တင်သွင်းရန် ပိတ်ပင်ချက်ကို ၂၀၂၀ ပြည့်နှစ် ပထမငါးလမှာပင် ချိုးဖောက်ခဲ့ပြီးဖြစ်ကြောင်း ကုလလုံခြုံရေးကောင်စီက စက်တင်ဘာ ၂၈ ရက်တွင် ပြောဆိုခဲ့သည်။
မြောက်ကိုရီးယားသည့် ကန့်သတ်ပိတ်ဆို့မှုများကို ချိုးဖောက်နေကြောင်း ဂြိုဟ်တုမှရိုက်ကူးသည့် ဓာတ်ပုံများ၊ အခြားသတင်းအရင်းအမြစ်များမှတစ်ဆင့် သိရှိခဲ့ရသည်ဟု အစိုးရများစွာပါဝင်သည့် အထူးအဖွဲ့၏အစီရင်ခံစာတွင် ဖော်ပြထားသည်။ မြောက်ကိုရီးယားနှင့် နိုင်ငံခြားအလံလွှင့်တင်ထားသည့် သင်္ဘောများသည် ရေနံတင်သွင်းမှုစည်းမျဉ်းများကို ဆက်လက်ချိုးဖောက်နေဆဲဖြစ်ကြောင်း ကုလရှိကျွမ်းကျင်သူများကပြောဆိုခဲ့သည်။
မည်သည့်နိုင်ငံများက မြောက်ကိုရီးယားသို့ ပစ္စည်းများတင်ပို့နေသည်ကို အစီရင်ခံစာတွင် ဖော်ပြထားခြင်းမရှိသော်လည်း ယင်းတို့တွင် ဇိမ်ခံကားများနှင့် အဖျော်ယမကာများပါဝင်ကြောင်းကိုမူ ရေးသားထားသည်။
အစီရင်ခံစာပါအချက်များသည် ယူဆချက်နှင့် ခန့်မှန်းချက်များသာဖြစ်ကြောင်း မြောက်ကိုရီးယား၏အဓိကမဟာမိတ်များဖြစ်သည့် တရုတ်နှင့် ရုရှားတို့ကပြောဆိုခဲ့သည်။
ကုလသမဂ္ဂ၏ပိတ်ဆို့မှုများအရ အဖွဲ့ဝင်နိုင်ငံများသည် မြောက်ကိုရီးယားအလုပ်သမားများကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ နောက်ဆုံးထား၍ မိခင်နိုင်ငံသို့ ပြန်ပို့ရမည်ဖြစ်သည်။ သို့သော် မြောက်ကိုရီးယားနိုင်ငံသားများကို မိခင်နိုင်ငံသို့ ပြန်ပို့ခဲ့ပြီးဖြစ်ကြောင်း နိုင်ငံ ၄၀ ခန့်ကသာ အစီရင်ခံစာတင်ခဲ့ကြောင်း အထူးအဖွဲ့ကပြောဆိုခဲ့သည်။

















