လွိုင်ကော်မြို့ Quarantine Center တာဝန်ကျ ဒုရဲအုပ် ကို လက်သီးနှင့် ထိုးကာထွက်ပြေး သူကို လွိုင်ကော်မြို့နယ်တရားရုံး ထောင်ဒဏ် ၁ နှစ် ၆ လ အမိန့်ချမှတ်ခဲ့ကြောင်း စက်တင်ဘာ ၃၀ ရက် နေ့တွင် အဆိုပါတရားရုံးမှသိရသည်။
စက်တင်ဘာ၂၁ ရက်နေ့ မွန်းလွဲ ၁နာရီ၂၀ မိနစ် အချိန်ခန့်တွင် လွိုင်ကော်မြို့၊နာနတ်တောရပ်ကွက် လွိုင်ကော်တက္ကသိုလ်၌ Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေး Quarantine Center တွင် စက်တင်ဘာ ၁၅ ရက်နေ့ကလားရှိုးမြို့မှ ပြန်လာပြီး Quarantine ဝင်နေသူ ၊လွိုင်ကော်မြို့နယ်၊နွားလပိုးကျေး ရွာအုပ်စု၊ထေးပလောခူကျေးရွာနေ တရုတ်စကားပြန်လုပ်သူ မောင်ငယ် (၃၄) နှစ် မှာ ထွက်ပြေးရန် ပြုလုပ်နေသဖြင့်ဒုရဲအုပ် နော်လော်အယ်ထူးနှင့်တာဝန်ကျသူနာပြုဆရာမ ဒေါ်တင်မိုးခိုင်တို့မှတားမြစ်ခဲ့သည်။
မောင်ငယ်က ဒုရဲအုပ်နော်လော်အယ်ထူး ကို လက်သီးဖြင့်ထိုးသဖြင့်လက်ဖြင့်ကာခဲ့ပြီးမောင်ငယ်မှထွက်ပြေးသွားခဲ့ကြောင်း သတင်းပေးပို့သဖြင့် ဒုရဲမှူးကျော်လင်းထွန်းက လိုက်လံရှာဖွေကာ ပြန်လည်ဖမ်း ဆီးရမိခဲ့သောကြောင့် မောင်ငယ်ကို အရေးယူပေးရန် စက်တင်ဘာ၂၁ ရက်နေ့တွင်တိုင်ကြားခဲ့သည်။
လွိုင်ကော်မြို့မရဲစခန်း(ပ)၂၉၂/၂၀၂၀၊သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေးဥပဒေပုဒ်မ-၂၆/၂၉ အရ အမှုဖွင့်အရေး ယူခဲ့သည်။ လွိုင်ကော်မြို့နယ်ဥပဒေအရာရှိ၏အကြံပြုချက်နှင့်ကယားပြည်နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့၏ တရားစွဲဆိုခွင့်ပြုမိန့်များအရ စက်တင်ဘာ၂၈ရက်နေ့တွင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဥပဒေပုဒ်မ-၂၆/၂၉ အရ င့်လွိုင်ကော်မြို့နယ်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့သည်။
တရားရုံးက ရာဇဝတ်ကြီးအမှုအမှတ်၊(၅၆၆/၂၀၂၀) လက်ခံဆောင်ရွက်ခဲ့ပြီး စက်တင်ဘာ ၂၉ရက်နေ့တွင် မောင်ငယ် ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဥပဒေပုဒ်မ-၂၆ အရအလုပ်နှင့် ထောင်ဒဏ် တစ်နှစ်၊သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဥပဒေပုဒ်မ-၂၉အရအလုပ်နှင့် ထောင်ဒဏ် ၆ လ သီးခြားကြခံစေရန်အမိန့်ချမှတ်ခဲ့သည်။















