ကရင်ပြည်နယ်ရှိ Q စင်တာများအတွက် ဘတ် ၁၈ သိန်းကျော်တန်ဖိုးရှိ ပစ္စည်းများ ထိုင်း လှူဒါန်း

ကရင်ပြည်နယ်ရှိ Q စင်တာများအတွက် ဘတ် ၁၈ သိန်းကျော်တန်ဖိုးရှိ ပစ္စည်းများ ထိုင်း လှူဒါန်း

ကရင်ပြည်နယ်အတွင်းရှိ Quarantine စင်တာများတွင် အသုံးပြုရန်အတွက် ထိုင်းဘတ်ငွေ ၁,၈၁၇,၂၁ဝ တန်ဖိုးရှိပစ္စည်းများကို ထိုင်းနိုင်ငံတာဝန်ရှိသူများက စက်တင်ဘာ ၂၉ ရက်မွန်းလွဲ ၃ နာရီခွဲအချိန်ခန့်က လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြဝတီမြို့ရှိ မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားအလယ်တွင် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ကုန်သည်ကြီးများအသင်း၊ တာ့ခ်ခရိုင် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် ဌာနဆိုင်ရာအသီးသီးတို့မှ လာရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်။ အလှူရှင်များက Quarantine Centre များတွင် လိုအပ်သောပစ္စည်းများဖြစ်သည့်Mask၊ Alcohol Gel၊ PPE ဝတ်စုံ၊ မားမားခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ အမျိုးသမီးလစဉ်သုံးပစ္စည်း၊ Body Powder၊ သွားတိုက်ဆေး၊ ဆပ်ပြာ(ခဲ/မှုန့်)၊သောက်ရေသန့် စုစုပေါင်းကာလတန်ဖိုးထိုင်းဘတ်ငွေ ၁,၈၁၇,၂၁ဝ ဘတ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

လှူဒါန်းမှုတွင် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှူး နိုင်အန်းစစ်စန်ဖန်ထရတ်၊ တာ့ခ်ခရိုင် စက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဌ နိုင်ချိုင်းဝပ်ဝိထစ်ဓမ္မရန်း၊ မဲဆောက် စုပေါင်းကုသိုလ်ပြုအသင်းဥက္ကဌ နိုင်စွန်စတ်ခါဝိရတ်နှင့်ဌာနဆိုင်ရာဝန်ထမ်းများမှ လာရောက်လှူဒါန်းပေးရာ မြန်မာနိုင်ငံဘက်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးပြည့်စုံ၊ ခရိုင်ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒာဝင်း၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကို၊မြဝတီနယ်စပ်ကုန်သွယ်ရေးကုန်သည်ကြီးများအသင်းဥက္ကဌ ဒေါ်သင်းသင်းမြတ်နှင့် ဌာနဆိုင်ရာများ၊ တက်ရောက်၍လက်ခံရယူခဲ့ကြသည်။

အဆိုပါထောက်ပံ့ပစ္စည်းများ လှူဒါန်းပေးခြင်းကြောင့် ကျေးဇူးတင်ရှိပြီးကိုဗစ်ရောဂါ ကျရောက်နေမှုအပေါ်စေတနာထားကူညီခဲ့သည့် တာ့ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများအားကျန်းမာချမ်းသာပါစေကြောင်း မြဝတီခရိုင်အုပ်ချုပ်ရေးမှူးက ဆုမွန်ကောင်းတောင်းပေးခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး