ဟားခါးမြို့တွင် Facility Quarantine ဝင်ရောက်နေသူဦးရေ ၁ဝဝ ခန့်ရှိ

ဟားခါးမြို့တွင် Facility Quarantine ဝင်ရောက်နေသူဦးရေ ၁ဝဝ ခန့်ရှိ

ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့တွင် စက်တင်ဘာ ၃ဝ ရက် နံနက်ပိုင်းအထိ Facility Quarantine ဝင်ရောက်သူ ဦးရေ ၁ဝဝ အထိရှိလာကြောင်း မြို့နယ် COVID-19 ရောဂါကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

''ကျွန်တော်တို့ ဟားခါးမြို့ဒေသခံတွေထဲက Quarantine ဝင်ရသူ မရှိသလောက်ရှားပါတယ်။ အခု Quarantine ဝင်နေကြသူတွေ အများစုကမြန်မာနိုင်ငံအတွင်း တိုင်းခြား၊ ပြည်နယ်ခြားက လာရောက်သူတွေက အများစုဖြစ်ပြီး နိုင်ငံခြားပြန်ငါးယောက်ရှိပါတယ်။ ဟားခါးမြို့အဝင်အထွက်ကိုလည်း စစ်ဆေးမှုတွေ တိုးမြှင့်ဆောင်ရွက်နေသလို လူစုလူဝေးဖြစ်စေမယ့်နေရာတွေကို တားမြစ်ပိတ်ထားပါတယ်။ ဒေသခံတွေကိုလည်း မလိုအပ်ဘဲအပြင်မထွက်ဖို့နဲ့ လက်မကြာခဏဆေးဖို့၊ ခပ်ခွာခွာနေထိုင်ဖို့၊ ပညာပေးမှုတွေ နေ့စဉ်ဆောင်ရွက်နေပါတယ်''ဟု မြို့နယ် COVID-19 ရောဂါကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ချင်းပြည်နယ် ဟားခါးမြို့တွင် Facility Quarantine ဝင်ရောက်သူများကို ဟားခါးတက္ကသိုလ်တွင်လည်းကောင်း၊ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင်လည်းကောင်း၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် လည်းကောင်းသုံးနေရာခွဲထားရှိကြောင်းသိရသည်။တရုတ်နိုင်ငံမှပြန်လာသူ ငါးဦး၊ တိုင်းနှင့်ပြည်နယ်အသီးသီးမှ ပြန်လည်ရောက်ရှိလာသူ ၉၅ ဦးတို့ဖြစ်ကြောင်းသိရသည်။

''အခုရက်ပိုင်း Facility Quarantine ဝင်ရောက်သူဦးရေ တစ်နေ့တစ်ခြားများပြားလာတာမို့ အခုထက်တိုးလာမယ်ဆိုရင် အဆောင်နေရာတိုးချဲ့ဖို့လည်း စီစဉ်ထားပါတယ်။လတ်တလော Quarantine ဝင်ရောက်သူတွေကို စရိတ်စကအဖြစ် တစ်ဦးကိုတစ်ရက် ၃,၅ဝဝ ကျပ်နှုန်းနဲ့ ၁၄ ရက်အတွက် ၄၉,ဝဝဝ ကျပ်ကို ချင်းပြည်နယ်အစိုးရက ထောက်ပံ့ပေးပါတယ်။နောက်ပြီး အခုလို သွားရေးလာရေးခက်ခဲနေတဲ့အချိန်မှာ ချင်းပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနက အသက်(၆ဝ)အထက်လူကြီးတွေနဲ့ အသက်ငါးနှစ်အောက် ကလေးငယ်တွေကို တစ်ဦးကို ငွေကျပ် ၃ဝ,ဝဝဝ ထောက်ပံ့ကြေးပေးပါတယ်'' ဟု ချင်းပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး