တရုတ်ကုမ္ပဏီတစ်ခုက ထုတ်လုပ်ထားသည့် COVID-19 ကာကွယ်ဆေးကို ပါကစ္စတန်၌ အဆင့်(၃) စမ်းသပ်မှုပြုလုပ်နေပြီး ယင်းစမ်းသပ်မှုတွင် အများပြည်သူအနေဖြင့် စေတနာ့ဝန်ထမ်းများအဖြစ်ပါဝင်ရန် တိုက်တွန်းလိုကြောင်း ယင်းစမ်းသပ်မှုကိုဦးဆောင်နေသည် ဆရာဝန်တစ်ဦးက စက်တင်ဘာ ၃၀ ရက်တွင် တိုက်တွန်းပြောဆိုခဲ့သည်။
တရုတ်ကုမ္ပဏီ CanSino နှင့် တရုတ်စစ်တပ်ကျောထောက်နောက်ခံရ သုတေသနဌာနတို့ပူးပေါင်းထုတ်လုပ်ထားသည့် COVID-19 ကာကွယ်ဆေး Ad5-nCoV ကို ပါကစ္စတန်၌ လွန်ခဲ့သောအပတ်တွင် စတင်စမ်းသပ်ခဲ့သည်။
ပါကစ္စတန်၌ ကာကွယ်ဆေးတိုက်ကျွေးထိုးနှံမှုအပေါ် အမြင်မှားမှုများရှိနေပြီး ကျန်းမာရေးဝန်ထမ်းများအပေါ် တိုက်ခိုက်မှုများရှိခဲ့သည့် သမိုင်းကြောင်းရှိနေသည်။နိုင်ငံတွင်း ပိုလီယိုရောဂါတိုက်ဖျက်ရေးလုပ်ဆောင်မှုများကို စစ်သွေးကြွများက ဆန့်ကျင်နေသဖြင့် အားထုတ်ကြိုးပမ်းမှုများ ထိခိုက်ခဲ့ရသည်။
ပါကစ္စတန်၌ ကာကွယ်ဆေးအပါအဝင် အသစ်တစ်ခုခုကို မိတ်ဆက်ပေးရာတွင် စိန်ခေါ်မှုများ အမြဲတမ်းရှိခဲ့ကြောင်း အစ္စလာမာဘတ်ရှိ ရှီဖာနိုင်ငံတကာဆေးရုံ၌ ကာကွယ်ဆေးစမ်းသပ်မှုကို ဦးဆောင်နေသည့် အဲဂျက်ဇ် အေခန်းကပြောဆိုခဲ့သည်။
လူများရှေ့ထွက်လာပြီး စေတနာ့ဝန်ထမ်းများအဖြစ်ပါဝင်စေလိုကြောင်း၊ COVID-19 တိုက်ဖျက်ရေးတွင် ပါဝင်နေသည့် အဖွဲ့ဝင်တစ်ဦးဖြစ်စေချင်ကြောင်း ခန်းကပြောဆိုခဲ့သည်။
ပါကစ္စတန်ရှိ နေရာငါးခုတို့၌ ကာကွယ်ဆေးစမ်းသပ်မှုများကို ပြုလုပ်မည်ဖြစ်သည်။
ရှီဖာနိုင်ငံတကာဆေးရုံကို ကာကွယ်ဆေးစမ်းသပ်ရန်အပြင် ပြင်ဆင်မှုများပြုလုပ်ထားပြီး အစမ်းသပ်ခံ ၂၀၀၀ အထိပါဝင်လာမည်ဟု မျှော်မှန်းထားသည်။စေတနာ့ဝန်ထမ်းများကို အင်န်ဂျီအိုများ၊ ဆေးရုံများနှင့် ကော်ပိုရေးရှင်းများမှတစ်ဆင့် စုဆောင်းနေသည်။
စေတနာ့ဝန်ထမ်းများသည် အသက် ၁၈ နှစ်ပြည့်ပြီးသူဖြစ်ရမည်ဖြစ်ပြီး COVID-19 ကူးစက်ခံထားရသူမဖြစ်ရချေ။ ထို့ပြင် ခုခံအားနည်းသည့်ရောဂါတစ်ခုခုရှိနေသူမဖြစ်ရသလို စမ်းသပ်မှုပြုလုပ်နေစဉ်အတွင်း ကိုယ်ဝန်ဆောင်ခွင့်လည်းရမည်မဟုတ်ချေ။
ဆေးရုံသို့လာရောက်စရိတ်နှင့် အစားအစာတို့အတွက် ပါကစ္စတန်သုံးရူပီး ၂၀၀၀(၁၂ဒေါ်လာ) ကို တစ်ကြိမ်ထုတ်ပေးမည်ဖြစ်သည်။ကာကွယ်ဆေးထိရောက်ကြောင်း လေ့လာတွေ့ရှိပါက CanSino သည် ပါကစ္စတန်အား ကာကွယ်ဆေးသန်းပေါင်းများစွာကို ဦးစားပေးထောက်ပံ့မည်ဖြစ်သည်။

















