အိန္ဒိယနိုင်ငံ၌ COVID-19 ကူးစက်သူသစ် နေ့စဉ်တိုးပွားနေပြီး အိန္ဒိယသည် ကမ္ဘာပေါ်တွင် ကူးစက်သူအများဆုံးရှိနေသည့် နိုင်ငံဖြစ်လာတော့မည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက သတိပေးမှုရှိနေသော်လည်း စာသင်ကျောင်းများ၊ ရုပ်ရှင်ရုံများနှင့် ရေကူးကန်များကို ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက စက်တင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
လူဦးရေ ၁ ဒသမ ၃ ဘီလီယံရှိသော အိန္ဒိယ၌ COVID-19 ကူးစက်သူ ၆ ဒသမ ၂ သန်းကျော်နှင့် သေဆုံးသူ ၉၇၀၀၀ ကျော်ရှိနေရာ အမေရိကန်ပြည်ထောင်စုပြီးနောက် COVID-19 ဒဏ်ကို ဒုတိယအများဆုံးခံနေရသည့် နိုင်ငံအဖြစ်ရပ်တည်နေသည်။
သို့သော် ကူးသန်းသွားလာမှုပိတ်ပင်မှုများကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေး ပြန်လည်ဦးမော့လာစေရန်အတွက် အစိုးရသည် ဖြေလျှော့မှုများကိုပြုလုပ်နေသည်။
ပြည်နယ်တချို့၌ လွန်ခဲ့သောအပတ်တွင် အသက် ၁၄ မှ ၁၇ နှစ်အရွယ်ရှိ ကျောင်းသားများအတွက် စာသင်ကြားမှုများကို ပြန်လည်စတင်ခဲ့သော်လည်း ယခုထုတ်ပြန်ချက်အရ စာသင်ကျောင်းအားလုံးအပေါ် သက်ရောက်မှုရှိမည်ဖြစ်သည်။
အွန်လိုင်းနှင့် အဝေးသင်ပညာရေးစနစ်တို့ကိုအားပေးပြီး ကျောင်းသားများ ကျောင်းပြန်တက်ရန် အတင်းအကျပ်ဖိအားပေးခွင့်မရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆင့်မြင့်ပညာရေးဌာနများ ဆက်လက်ပိတ်သိမ်းထားရမည်ဖြစ်သော်လည်း သိပ္ပံနှင့်နည်းပညာနယ်ပယ်ရှိ ဘွဲ့လွန်ကျောင်းသားများမှာမူ ဓာတ်ခွဲခန်းများသို့ ပြန်လာခွင့်ရှိနေသည်။
ရုပ်ရှင်ပရိသတ်များပြားလှသည့် အိန္ဒိယနိုင်ငံ၌ ရုပ်ရှင်ရုံများကို ယခင်ကလက်ခံသည့် ပရိသတ်ဦးရေ၏ထက်ဝက်ခန့်ဖြင့် ဖွင့်လှစ်ခွင့်ရရှိမည်ဖြစ်ပြီး အားကစားလေ့ကျင့်မှုများအတွက် ရေကူးကန်များကို အသုံးပြုခွင့်ရှိနေသည်။
အိန္ဒိယနိုင်ငံသားများကို မိခင်နိုင်ငံသို့ ခရီးစဉ်များမှလွဲ၍ နိုင်ငံတကာလေကြောင်းခရီးစဉ်များကို ရပ်ဆိုင်းထားမည်ဖြစ်သည်။ ရထား၊ပြည်တွင်းလေကြောင်းခရီးစဉ်များ ပြန်လည်စတင်ပြီး ဈေးများ၊ စားသောက်ဆိုင်များကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးထားပြီးဖြစ်သည်။
အိန္ဒိယ၌ ဗိုင်းရပ်စ်သည် စီးပွားရေးလုပ်ငန်းများရှိနေသည့် မွမ်ဘိုင်းနှင့် နယူးဒေလီတို့၌သာ အဓိကပျံ့နှံ့ခဲ့သော်လည်း ယခုအချိန်တွင် ကျန်းမာရေးစောင့်ရှောက်မှုစနစ်အားနည်းသည့် ကျေးလက်ဒေသများသို့ပါ ပျံ့နှံ့နေပြီဖြစ်သည်။

















