COVID-19 ကာကွယ်ဆေးထုတ်လုပ်ရေးအတွက် အမေရိကန်အခြေစိုက် VLP Therapeutics နှင့် သဘောတူစာချုပ်လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း ဂျပန်ရှိ Fujifilm Holdings Corp က အောက်တိုဘာ ၁ ရက်တွင် ပြောဆိုခဲ့သည်။
စမ်းသပ်ရန် လျာထားသည့် COVID-19 ကာကွယ်ဆေးထုတ်လုပ်မှုများအတွက် Fujifilm သည် ၎င်းတို့ပိုင်ထုတ်လုပ်ရေးအဆောက်အအုံများကို အသုံးပြုမည်ဖြစ်သည်။
VLP က ထုတ်လုပ်ထားသည့် COVID-19 ကာကွယ်ဆေးအတွက် ဂျပန်ဆေးသုတေသနနှင့် ဖွံ့ဖြိုးရေးဌာနက ငွေကြေးထောက်ပံ့မည်ဖြစ်သည်။
VLP သည် ဂျပန်ကုမ္ပဏီတစ်ခုကိုဖွင့်လှစ်ထားပြီး ဆေးဝါးသုတေသနအတွက် အစိုးရအဖွဲ့အစည်းများ၊ တက္ကသိုလ်များနှင့် လက်တွဲဆောင်ရွက်လျက်ရှိနေသည်။ Fujifilm သည် အစဉ်အလာဓာတ်ပုံလုပ်ငန်းမှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းသို့ ပြောင်းလဲနေပြီဖြစ်သည်။
လွန်ခဲ့သောလတွင် Fujifilm သည် COVID-19 လူနာများအတွက်အသုံးပြုရန် Avigan ဆေး အဆင့်(၃) စမ်းသပ်မှုကို အောင်မြင်စွာအဆုံးသတ်နိုင်ခဲ့ပြီဖြစ်သည်။ ထို့ပြင် Fujifilm ၏ကုမ္ပဏီခွဲတစ်ခုသည်လည်း Novavax ၏ COVID-19 စမ်းသပ်ကာကွယ်ဆေးအတွက် အမျိုးအမယ်များထုတ်လုပ်ရာတွင် ပါဝင်နေသည်။

















