COVID-19 ကြောင့် ရွေးကောက်ပွဲ ရက်ရွှေ့ဆိုင်းရန် ဂျပန်ဝန်ကြီးချုပ် တောင်းဆိုဖွယ်ရှိ

COVID-19 ကြောင့် ရွေးကောက်ပွဲ ရက်ရွှေ့ဆိုင်းရန် ဂျပန်ဝန်ကြီးချုပ် တောင်းဆိုဖွယ်ရှိ

ဂျပန်နိုင်ငံ၌ COVID-19 ကူးစက်မှုတားဆီးရေးနှင့် ကူးစက်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေး ပြန်လည်ဦးမော့လာရေး အာရုံစိုက်လုပ်ဆောင်ရန်အတွက် ရှောင်တခင်ရွေးကောက်ပွဲကျင်းပမှုကို ရက်ရွှေ့ဆိုင်းပေးရန် ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီဒဲ ဆူဂါက တောင်းဆိုဖွယ်ရှိနေကြောင်း ယိုမီအူရီသတင်းစာက အောက်တိုဘာ ၁ ရက်တွင် ဖော်ပြခဲ့သည်။

လွန်ခဲ့သောနှစ်ပတ်တွင် ဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည့် ဆူဂါအား အများပြည်သူကလည်း ထောက်ခံနေကြောင်း ပြည်သူ့အမြင်စစ်တမ်းများအရသိရသည်။

အများပြည်သူထောက်ခံမှုရနေသောကြောင့် ဆူဂါသည် ယင်းကို အသုံးချကာ ရွေးကောက်ပွဲကို ရှောင်တခင်ပြုလုပ်နိုင်ကြောင်း ပြောဆိုမှုများလည်းရှိလာခဲ့သည်။

အောက်လွှတ်တော်ရွေးကောက်ပွဲကို ၂၀၂၁ ခုနှစ် အောက်တိုဘာအထိ ကျင်းပစရာမလိုသေးချေ။ အာဏာရလစ်ဘရယ်ဒီမိုကရက်တစ်ပါတီ(LDP) အတွင်း သြဇာကြီးမားလှသည့် အထွေထွေအတွင်းရေးမှူး တိုရှီဟီရို နီကာအိကလည်း Nikkei နေ့စဉ်သတင်းစာနှင့် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင်လည်း အထွေထွေရွေးကောက်ပွဲကျင်းပမည့်အစီအစဉ်မရှိကြောင်း အရိပ်အမြွက်ပြောဆိုခဲ့သည်။

ယခုလောလောဆယ်တွင် ရွေးကောက်ပွဲထက် ပိုမိုအလေးထားရမည့် ကိစ္စရပ်များရှိနေပြီး ဝန်ကြီးချုပ်သည် ယင်းပြဿနာများကိုဖြေရှင်းရေးကိုသာ ဦးစားပေးလိုနေကြောင်း နီကာအိကပြောဆိုခဲ့သည်။