ဒီတစ်ပတ်မှာတော့ အိုးသူကြီးကချဉ်ချဉ်စပ်စပ်လေးနဲ့ စားလို့ကောင်းတဲ့ဝက်စဉ်းကောကို မရမ်းပြားနဲ့ ရောပြီးကြော်ပြပါမယ်။လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့မိသားစုလေးယောက်ရှိတဲ့ အိမ်အတွက်ညမနက်စားဖို့ ဝက်သား (အသားသက်သက်) သုံးဆယ်သား၊ မရမ်းပြားလေးပြား၊ ကြက်သွန်နီလေးဥ၊ကြက်သွန်ဖြူတစ်ဥ၊စပါးလင်နှစ်ပင်၊ မိုးမျှော်ငရုတ်သီး၊ဆီ၊ ဆား၊ ကြက်သားမှုန့်၊နနွင်းမှုန့်တို့ ဖြစ်ပါတယ်။
ပထမဆုံး ဝယ်လာတဲ့ဝက်သားတွေကို နုတ်နုတ်စဉ်းပါမယ်။ ကြက်သွန်နီကိုလည်းပါးပါးလှီးပါမယ်။ ငရုတ်သီးနဲ့ စပါးလင်ကိုလည်း ပါးပါးစိပ်စိပ်လှီးပါမယ်။မရမ်းပြားကိုလည်း နုတ်နုတ်စဉ်းပါမယ်။ပြီးရင် နုတ်နုတ်စဉ်းထားတဲ့ ဝက်သားထဲကိုကြက်သွန်နီ၊ စပါးလင်၊ မရမ်းပြား၊ ဆား၊ နနွင်း၊ကြက်သားမှုန့်ထည့်ပြီးသေသေချာချာဆုပ်နယ်ပါမယ်။ ဆားကိုတော့ချိန်ထည့်ရပါတယ်။ မရမ်းပြားကဆားရည်စိမ်ထားတာဖြစ်တာကြောင့်သူ့ထဲမှာလည်း ဆားဓာတ်တွေတော်တော်လေးပါနေပါတယ်။
ဆုပ်နယ်ရင်းနဲ့ အသားထဲကနေအရည်တွေထွက်လာပါမယ်။ ဒီအရည်တွေကိုပန်းကန်လုံးတစ်လုံးနဲ့ သပ်သပ်ဖယ်ထားပါ။အချိန်တော်တော်ကြာအောင် ဆုပ်နယ်ပြီးသွားလို့ ရှိရင် ကြော်ဖို့ပြင်ဆင်ပါမယ်။ ပထမဆုံးဒယ်အိုးထဲကိုဆီထည့်ပါ။
ဆီပူလာပြီဆိုရင် ပန်းကန်လုံးတစ်လုံးနဲ့ဖယ်ထားတဲ့ အသားနယ်ရည်ကိုထည့်လိုက်ရပါတယ်။အနံ့မွှေးသွားအောင်လို့ပါ။ ပြီးရင်ဝက်သားကို ထည့်ကြော်ပါမယ်။ဝက်သားကြော်ရင်းရေခန်းသွားပြီဆိုရင် ရေနည်းနည်းထပ်ထည့်ပါ။အများကြီးတော့ ထည့်စရာမလိုပါဘူး။ ဝက်သားက နုတ်နုတ်စဉ်းထားတာဆိုတော့ နူးလွယ်ပါတယ်။ကြော်ရင်းနဲ့ဝက်သားကနူးလာပြီဆိုရင်နုတ်နုတ်စဉ်းထားတဲ့ ငရုတ်သီးနဲ့ကြက်သွန်ဖြူကိုထည့်ပေးရပါတယ်။ဒါဆိုရင် အနံ့ကတော်တော်လေးမွှေးသွားပါပြီ။
ဝက်သားမရမ်းပြားစဉ်းကောဟင်းတစ်ခွက်လည်းပုံပေါ်လာပြီဖြစ်ပါတယ်။ ဒီဟင်းကအောက်ပြည်အောက်ရွာမှာချက်စားကြတဲ့ ဟင်းတစ်ခွက်ဖြစ်ပြီးအထက်ပိုင်းဒေသကလူတွေအတွက်တော့စားရတာတစ်မျိုးလေးဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ တစ်ကြိမ်တစ်ခါလောက်တော့ ချက်ကြည့်ဖို့ အကြံပြုပါရစေ။
















