လားရှိုးမြို့နယ်တွင် ကားအရောင်း အဝယ်လုပ်ကိုင်သူဟု ယူဆရသည့်အမျိုးသား ခြုံတောအတွင်းအသတ်ခံရမှုကို စုံစမ်းလျက်ရှိကြောင်း အောက်တိုဘာ ၂ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ မန်ပျဉ်အုပ်စု၊ လုံလကျေးရွာ အနီးတောလမ်းတွင် စက်တင်ဘာ ၃၀ ရက်နေ့ နေ့လည် ၁၂ နာရီခန့်က အမျိုးသားတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ လားရှိုးမြို့မရဲစခန်းမှူးနှင့်အဖွဲ့ကသွားရောက်စစ်ဆေးခဲ့သည်။
နားဆန်ကျေးရွာအရှေဘက် လားရှိုး-နမ့်ပေါင်သွား ကားလမ်းမှ သံလွင်ရွာသွားသည့် ကတ္တရာလမ်း အနောက်ဘက် မြေသားလမ်း ပေါ်တွင် အသက် ၃၀ အရွယ် (စီစစ်ဆဲ) အမည်မသိအမျိုးသားတစ်ဦး ယာဘက်လည်ပင်းပြတ်ရှ၊ ယာဘက် တံတောင်ဆစ်ညိုမဲ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရသဖြင့်အလောင်းကို လားရှိုးပြည်သူဆေးရုံသို့ ပိုအပ်ရာ ပီအာရ် ၀၀၄ ဖြင့် လက်ခံခဲ့သည်။
အခင်းဖြစ်ရာအနီး အဝါရောင်ပလပ်ခုံပါ မီးကြိုးတစ်ချောင်း၊ခြုံစောင်တစ်ထည်၊ ဘွတ်ဖိနပ် တဖက်တို့ကို သိမ်းဆည်းခဲ့သည်။ ကနဦးစစ်ဆေးချက်အရ သေဆုံးသူအမျိုးသားမှာ ကားအရောင်းအဝယ် ပြုလုပ်သူ ဟု ယူဆရပြီး အဆိုပါနေရာသို့ ကားအရောင်းအဝယ် ပြုလုပ်ရန် ချိန်းဆိုခံရပြီးနောက် လူသတ်ကာပစ္စည်းများ လုယူခံရခြင်းဖြစ်နိုင်ကြောင်း ယူဆရဟု ရဲတပ်ဖွဲ့ကဆိုသည်။
လားရှိုးမြို့မရဲစခန်းမှ (ပ) ၅၁၀/ ၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူကို စုံစမ်းလျက်ရှိကြောင်းသိရသည်။
















