ကွာလာလမ်ပူ အောက်တိုဘာ ၂ - မလေးရှားနိုင်ငံ၌ အောက်တိုဘာ ၁ ရက်တွင် COVID-19 ကူးစက်သူသစ် ၂၆၀ ရှိခဲ့ပြီး ယင်းသည် မလေးရှား၌ ကူးစက်ရောဂါစတင်ချိန်မှစ၍ တစ်ရက်လျှင် ကူးစက်သူအများဆုံးရှိခဲ့ခြင်းဖြစ်သည်။
ဆာဘားပြည်နယ်ရွေးကောက်ပွဲအတွက် ပြည်နယ်တွင်း သွားလာမှုများရှိခဲ့ပြီးနောက် ကူးစက်သူဦးရေတိုးလာခဲ့ခြင်းဖြစ်သည်။ မလေးရှား၌ COVID-19 ကူးစက်သူ ၁၁၄၈၄ ဦးနှင့် သေဆုံးသူ ၁၃၆ ဦးရှိနေသည်။
အောက်တိုဘာ ၁ ရက်တွင်ရှိခဲ့သည့် ကူးစက်သူသစ်များအနက် တစ်ဦးမှလွဲ၍ ကျန်လူများသည် ပြည်တွင်းမှာပင် ကူးစက်သူများဖြစ်ကြသည်။ ပြည်တွင်းကူးစက်သူများအနက် ၁၃၀ သည် မလေးရှားနိုင်ငံသားများဖြစ်ကြပြီး ၁၂၀ သည် နိုင်ငံခြားသားများဖြစ်ကြကာ ပြည်ပတွင်ကူးစက်သူတစ်ဦးသည် ဗြိတိန်မှလာရောက်သူဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ် နူးဟီရှမ် အဗ္ဗဒူလာကပြောဆိုခဲ့သည်။
မလေးရှား၌ ဇွန် ၄ ရက်တွင် ကူးစက်သူသစ် ၂၇၇ ဦးဖြင့် ကူးစက်သူသစ်စံချိန်တင်ခဲ့ပြီးဖြစ်သည်။ ဇွန် ၄ ရက်ကူးစက်မှုတွင် လေးဦးသာ ပြည်တွင်းကူးစက်သူများဖြစ်ကြသည်။ မလေးရှား၌ မတ် ၂၆ ရက်တွင်လည်း ကူးစက်သူသစ် ၂၃၅ ဦးဖြင့် စံချိန်တင်မြင့်မားခဲ့ပြီး ၎င်းတို့အနက် ၂၀၈ ဦးသည် ပြည်တွင်းကူးစက်သူများဖြစ်ကြပြီး ၂၇ ဦးသည် ပြည်ပတွင် ကူးစက်ခံခဲ့ရသူများဖြစ်ကြသည်။
အောက်တိုဘာ ၁ ရက်တွင် ကူးစက်သူသစ်စံချိန်တင်ခဲ့သောကြောင့် ကူးစက်မှုလှိုင်းသစ်ရှိလာပြီဟု ဆိုနိုင်ရာ အများပြည်သူအနေဖြင့် မလိုအပ်ဘဲ အပြင်မထွက်ကြရန်နှင့် အပြင်ထွက်လျှင်လည်း နှာခေါင်းစည်းတပ်ကာ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေကြရန် တိုက်တွန်းလိုကြောင်း ဒေါက်တာ နူးဟီရှမ်က ပြောဆိုခဲ့သည်။
ဆာဘားပြည်နယ်၌ မဲဆွယ်စည်းရုံးရင်း နိုင်ငံရေးသမားနှစ်ဦး COVID-19 ကူးစက်ခဲ့ပြီးနောက် အစိုးရ၏အရေးယူဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ဝေဖန်ပြောဆိုမှုများရှိလာခဲ့သည်။ ဆာဘားပြည်နယ်နှင့်ဆက်စပ်၍ ပြည်နယ် ၁၃ ခုစလုံးတွင် ကူးစက်သူသစ်များရှိလာခဲ့သည်။ အေပီ

















