တိုကျို အောက်တိုဘာ ၂ - ဂျပန်နိုင်ငံ၌ သြဂုတ်တွင် အလုပ်အကိုင်မဲ့မှုနှုန်း ၃ ရာခိုင်နှုန်းရှိခဲ့ပြီး ယင်းသည် ၂၀၁၇ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အမြင့်ဆုံးဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက စက်တင်ဘာ ၂ ရက်တွင် ထုတ်ပြန်သည့် စာရင်းအင်းများအရသိရသည်။
ဇူလိုင်တွင်ရှိခဲ့သည့် အလုပ်အကိုင်မဲ့မှုနှုန်းထက် ၀ ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ် မေမှစ၍ အမြင့်ဆုံးဖြစ်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ဂျပန်သည် သဘာဝဘေးအန္တရာယ်များ၏အကျိုးဆက်ကိုရင်ဆိုင်နေရဆဲဖြစ်ပြီး ကူးစက်ရောဂါမဖြစ်မီတွင်လည်း ဝယ်ယူစားသုံးမှုအခွန်တိုးမြှင့်မှုလည်းရှိခဲ့သည်။ COVID-19 ဖြစ်ပွားပြီးနောက် နယ်စပ်များကို ပိတ်ထားခဲ့ရရာ ခရီးသွားလာရေးလုပ်ငန်းနှင့် စားသုံးသူသုံးစွဲမှုကျဆင်းပြီး ဟိုတယ်ကဲ့သို့ ဝန်ဆောင်မှုပေးရသည့် လုပ်ငန်းများ အကြီးအကျယ်ထိခိုက်ခဲ့သည်။
ဂျပန်ရှိ အလုပ်ရှင်များသည်လည်း အလုပ်သမားငှားရမ်းနိုင်ရေး ရုန်းကန်နေရပြီး အလုပ်လုပ်နိုင်သည့် အသက်အရွယ်ရှိသူဦးရေလည်း နည်းပါးနေခဲ့ရာ အလုပ်သမားဈေးကွက်သည် နာမည်ဆိုးဖြင့်ကျော်ကြားရသည်အထိ ကျပ်တည်းနေခဲ့သည်။
ရှင်ဇိုအာဘေး ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ချိန်က အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများ လုပ်ငန်းခွင်ဝင်နိုင်ရန် စည်းမျဉ်းများပြင်ဆင်ပေးခဲ့ပြီး ပြည်ပမှ အလုပ်သမားများပိုမိုဝင်ရောက်လာရေးတို့အတွက် တင်းကျပ်သော လူဝင်မှုကြီးကြပ်ရေးစည်းမျဉ်းများကို ဖြေလျှော့ပေးခဲ့သည်။ အာဘေး၏စီးပွားရေးစီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း လွန်ခဲ့သောလတွင် ဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည့် ယိုရှီဟီဒဲ ဆူဂါကပြောဆိုခဲ့သည်။ အေပီ

















