မုန်တိုင်းဒဏ်ခံဒေသများသို့ နှမဖြစ်သူနှင့်အတူ ကင်ဂျုံအန် သွားရောက်စစ်ဆေး

မုန်တိုင်းဒဏ်ခံဒေသများသို့ နှမဖြစ်သူနှင့်အတူ ကင်ဂျုံအန် သွားရောက်စစ်ဆေး

ပြုံယမ်း အောက်တိုဘာ ၂ - မုန်တိုင်းကြောင့် ရေလွှမ်းမိုးမှုဒဏ်ခံခဲ့ရသော ဒေသများရှိ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် နှမဖြစ်သူ ကင်ယိုဂျုံနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံဌာန KCNA က အောက်တိုဘာ ၂ ရက်တွင် ဖော်ပြခဲ့သည်။

ထို့ပြင် နှမဖြစ်သူသည် အများပြည်သူမြင်ကွင်းမှ နှစ်လကြာ ပျောက်ကွယ်နေပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။ ကင်ယိုဂျုံနှင့် အတူ သွားရောက်ခဲ့သည့် ခရီးစဉ်၌ ကင်က နိုင်ငံအရှေ့တောင်ပိုင်းရှိ ကင်ဟွာခရိုင်၌ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ၏ အရှိန်ကောင်းနေမှုအပေါ် ချီးကျူးပြောဆိုခဲ့ကြောင်း KCNA က ထုတ်ပြန်ခဲ့သည်။ မုန်တိုင်းများနှင့် သဘာ၀ ဘေးအန္တရာယ်များကြောင့် ယခုနှစ်တွင် မကြုံစဖူး ဆင်းရဲဒုက္ခများရှိခဲ့ကြောင်း ကင်က ပြောဆိုခဲ့သည်ဟု KCNA က ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယား ဒုတိယခေါင်းဆောင်အဖြစ်သတ်မှတ်ခံရသည့် ညီမဖြစ်သူ ကင်ယိုဂျုံသည် နိုင်ငံရေးနယ်ပယ်၌ အများပြည်သူမြင်ကွင်းသို့ထွက်ရသည့် တစ်ဦးတည်းသော ဆွေမျိုးလည်းဖြစ်သည်။ တောင်ကိုရီးယားအပေါ် ပြင်းထန်သော ဝေဖန်ပြောကြားမှုများနှင့်အတူ ၎င်းသည် အရေးပါသူတစ်ဦး ဖြစ်လာ သည်။

မုန်တိုင်းများနှင့် ရေကြီးမှုများကြောင့် မြောက်ကိုရီးယား၌ နေအိမ်အလုံးထောင်ပေါင်းများစွာပျက်စီးခဲ့ပြီး ပြည်တွင်းစားနပ်ရိက္ခာပြတ်လပ်မှု များပြားလာနေကြောင်း သိရသည်။ အေပီ