ပေကျင်း အောက်တိုဘာ ၂ - တရုတ်နှင့် အမေရိကန်တို့အကြား ဆက်ဆံရေးမှာ အခက်အခဲပေါင်း များစွာဖြင့် ရင်ဆိုင်နေရပြီး လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည်ရောက်ရှိရေး အတွက် အချိန်မဖြုန်းသင့်ကြောင်း အမေရိကန်ပြည်ထောင်စုဆိုင်ရာ တရုတ်သံအမတ်ကြီး ချူထျန်ကိုင်က အောက်တိုဘာ ၁ ရက်တွင် တိုက်တွန်းပြောဆိုခဲ့သည်။
ပေကျင်းတွင် ကျင်းပခဲ့သည့် တရုတ်အမျိုးသားနေ့အခမ်းအနားသို့ သံအမတ်ကြီးက အွန်လိုင်းမှတစ်ဆင့် မိန့်ခွန်းပြောဆိုရာတွင် တရုတ်အစိုးရအနေဖြင့် စေတနာ၊ ရိုးသားမှန်ကန်မှုတို့နှင့်အတူ အမေရိကန်နှင့်ဆက်ဆံရေး တိုးတက်လာစေရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
‘’သံတမန်ဆက်ဆံရေးထူထောင်အပြီး ၄၁ နှစ်အတွင်းမှာ တရုတ်နဲ့ အမေရိကန် ဆက်ဆံရေးဟာ အကျပ်အတည်းများစွာနဲ့ ရင်ဆိုင်နေရပြီဖြစ် ပါတယ်။ ဒါက တရုတ်နဲ့ အမေရိကန်ပြည်သူတွေရဲ့ အခြေခံကျတဲ့ အကျိုးစီးပွားတွေကို ပြင်းပြင်းထန်ထန်ကို ဆုတ်ယုတ်သွားစေပါတယ်။ တရုတ်နဲ့ အမေရိကန်တို့ကြား မှန်ကန်ပြီး တည်ငြိမ်မှုရှိတဲ့ ဆက်ဆံရေးဆိုတာ နှစ်ဦးနှစ်ဖက်စလုံးရဲ့ ရည်မှန်းချက်ဖြစ်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ဟာ အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေးကို စေတနာ၊ ရိုးသားမှန်ကန်မှုတို့နဲ့အတူ တိုးတက်လာဖို့ ဆန္ဒရှိနေပြီး နှစ်နိုင်ငံဆက်ဆံရေး လမ်းကြောင်းမှန်ဖြစ်တဲ့ ပဋိပက္ခမရှိရေး၊ အငြင်းပွားမှု မရှိရေး၊ အပြန်အလှန် လေးစားမှုရှိရေးနဲ့ နှစ်ဖက်အကျိုးရှိမယ့် ပူးပေါင်း ဆောင်ရွက်မှုတွေအတွက် နှစ်နိုင်ငံစလုံး အချိန်မဖြုန်းကြစေလိုပါဘူး” ဟု ချူထျန်ကိုင်က ပြောဆိုခဲ့သည်။ အေပီ

















