မော်စကို အောက်တိုဘာ ၂ - ၎င်းကိုအဆိပ်ခတ်လုပ်ကြံမှုနောက်ကွယ်တွင် ရုရှားသမ္မတဗလာဒီမာ ပူတင်ရှိနေကြောင်း ရုရှားအစိုးရအတိုက်အခံခေါင်းဆောင် အလက်ဇီနာဗယ်ညီက ပြောဆိုခဲ့ပြီးနောက် ရုရှားအစိုးရကလည်း နာဗယ်ညီသည် အမေရိကန် ဗဟိုထောက်လှမ်းရေးဌာန(စီအိုင်အေ)နှင့် ပတ်သက်မှုရှိနေကြောင်း အောက်တိုဘာ ၁ ရက်တွင် တန်ပြန်စွပ်စွဲပြောဆိုခဲ့သည်။
ရုရှားအစိုးရ၏ပြောခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့က နာဗယ်ညီကို နိုင်ငံခြားထောက်လှမ်းရေးဌာနတစ်ခုအတွက် အလုပ်လုပ်ပေးနေကြောင်း စွပ်စွဲပြောဆိုလိုက်ခြင်းဖြစ်သည်။ ယင်းကြောင့် ရောဂါသက်သာပျောက်ကင်းပါက ဘာလင်မှ ရုရှားသို့ ပြန်မည်ဖြစ်ကြောင်း ပြောဆိုထားသည့် နာဗယ်ညီသည် ရုရှားတွင် တကယ်တမ်းဘေးကင်းမည်မကင်းမည်ကို စိုးရိမ်စရာများရှိလာခဲ့သည်။ ထို့ပြင် ဂျာမနီဝန်ကြီးချုပ် အန်ဂျလာမာကယ်သည်လည်း နာဗယ်ညီကိစ္စနှင့်ပတ်သက်၍ ရုရှားအစိုးရအပေါ် အရေးယူမှုများပြုလုပ်ရန် ဖိအားများနှင့် ကြုံလာရသည်။
ပက်စ်ကော့အနေဖြင့် အထောက်အထားများကို တင်ပြရမည်ဖြစ်ပြီး ယင်းသို့မဟုတ်ပါက တရားစွဲဆိုမည်ဖြစ်ကြောင်း နာဗယ်ညီက တုံ့ပြန်ပြောဆိုခဲ့သည်။ ပက်စ်ကော့၏စွပ်စွဲမှုသည် လုံးဝကို အခြေအမြစ်မရှိကြောင်း နာဗယ်ညီ၏ကိုယ်ရေးအရာရှိ လျူဘော့ ဆိုဘယ်ကပြောဆိုခဲ့သည်။
သြဂုတ်တွင် ဆိုက်ဘေးရီးယားခရီးစဉ်အတွင်း နာဗယ်ညီသည် မေ့မျောခဲ့မှုကြောင့် ဆိုက်ဘေးရီးယားရှိ ဆေးရုံတစ်ရုံ၌ ရက်အနည်းငယ်ကုသမှုခံယူပြီးနောက် ၎င်းကို ဘာလင်သို့ လေယာဉ်ဖြင့် ပို့ဆောင်ခဲ့သည်။ နာဗယ်ညီသည် ဘာလင်ရှိ ချာရိုက်ဆေးရုံ၌ ကုသမှုခံယူခဲ့ရသည်။ နာဗယ်ညီသည် နိုဗီချော့အာရုံကြောအဆိပ်ဖြင့် လုပ်ကြံခံခဲ့ရခြင်းဖြစ်ကြောင်း ဆေးရုံက ဓာတ်ခွဲစမ်းသပ်မှုနမူနာများကိုအခြေခံကာ ထုတ်ပြန်ခဲ့သည်။ နာဗယ်ညီသည် စက်တင်ဘာအကုန်ပိုင်းတွင် ဆေးရုံမှဆင်းခွင့်ရရှိခဲ့သည်။
နာဗယ်ညီက ရုရှားသမ္မတအပေါ် စွပ်စွဲမှုသည် လက်ခံနိုင်စရာမရှိဘဲ စော်ကားလွန်းနေကြောင်း ပက်စ်ကော့ကပြောဆိုခဲ့သည်။ နာဗယ်ညီ ရုတ်တရက်နေထိုင်မကောင်းဖြစ်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောဆိုရန် ဂျာမနီနှင့် အခြားအနောက်နိုင်ငံများက ရုရှားအစိုးရအား တောင်းဆိုထားသည်။ နာဗယ်ညီ အဆိပ်မိခဲ့သည်ဆိုသည့် အထောက်အထားများကို မတွေ့ရသလို ၎င်းကိုလည်း လုပ်ကြံခြင်းမပြုခဲ့ကြောင်း ရုရှားအစိုးရက ဖြေရှင်းပြောဆိုခဲ့သည်။ အေပီ

















