အမ်စတာဒမ် အောက်တိုဘာ ၂ - အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) မှ ထိပ်တန်းဝန်ထမ်းများအပေါ် အရေးယူပိတ်ဆို့မှုများချမှတ်သည့် ညွှန်ကြားချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီသောကြောင့် ယင်းအတွက် ထရမ့်နှင့် ထိပ်တန်းအစိုးရအဖွဲ့ဝင်များအပေါ် တရားစွဲဆိုလိုက်ပြီဖြစ်ကြောင်း လူ့အခွင့်အရေးရှေ့နေများက အောက်တိုဘာ ၁ ရက်တွင် ပြောဆိုခဲ့သည်။
စစ်ရာဇဝတ်မှုများကို အထူးပြုသည့် ပွင့်လင်းလူ့အဖွဲ့အစည်းတရားရေးရှေ့ဆောင်အဖွဲ့သည် ထရမ့်၊ နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုနှင့် အခြားထိပ်တန်းအရာရှိခုနစ်ဦးတို့အား နယူးယောက်ရှိ စီရင်စုတရားရုံးမှတစ်ဆင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ထရမ့်၏ညွှန်ကြားချက်သည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေက ကာကွယ်ပေးထားသည့် အခွင့်အရေးများကို ချိုးဖောက်ပြီး ICC ဝန်ထမ်းများအနေဖြင့် နိုင်ငံတကာတရားရေးအတွက် လုပ်ဆောင်ရာတွင် အခက်အခဲရှိစေခဲ့ကြောင်း တရားစွဲဆိုမှုတွင်ဖော်ပြထားသည်။
အာဖဂန်နစ္စတန်ရှိ အမေရိကန်တပ်ဖွဲ့များ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့ခြင်းရှိမရှိ စုံစမ်းစစ်ဆေးမှုတွင် နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့အခြေစိုက် ICC ပါဝင်ခဲ့မှုကြောင့် ICC ဝန်ထမ်းတချို့အပေါ် စီးပွားရေးနှင့် ခရီးသွားလာခွင့်ဆိုင်ရာ အရေးယူပိတ်ဆို့မှုများချမှတ်သည့် ညွှန်ကြားချက်တစ်ရပ်ကို ထရမ့်က ဇွန်တွင် လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည်။
ICC ဥပဒေအရာရှိ ဖာတိုး ဘန်ဆိုဒါကို နာမည်ပျက်စာရင်းသွင်းကြောင်း နိုင်ငံခြားရေးဝန်ကြီးမိုက်ခ်ပွန်ပီယိုက စက်တင်ဘာ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထရမ့်အစိုးရ၏လုပ်ရပ်သည် ခုံရုံး၊နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာတရားရေးစနစ်နှင့် တရားဥပဒေစိုးမိုးမှုများအပေါ် တိုက်ခိုက်လိုက်ခြင်းသာဖြစ်ကြောင်း ICC က ပြောဆိုခဲ့သည်။
အမေရိကန်၏ပိတ်ဆို့မှုများကြောင့် စစ်ရာဇဝတ်မှုများဆိုင်ရာ နိုင်ငံတကာ၏စုံစမ်းစစ်ဆေးမှု ထိခိုက်ခဲ့ရကြောင်း ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် လူ့အခွင့်အရေးအဖွဲ့များကပြောဆိုခဲ့သည်။ ပိတ်ဆို့မှုများအရ ICC က အမေရိကန်နိုင်ငံသားများအပေါ် စုံစမ်းစစ်ဆေးမှုများကို ကူညီသူများ၊ ICC ထိပ်တန်းအရာရှိများသည် အမေရိကန်ပြည်ထောင်စုသို့လာရောက်ခွင့်ပိတ်ပင်ခံရမည်ဖြစ်ပြီး အမေရိကန်ရှိ ပိုင်ဆိုင်မှုများ ပိတ်သိမ်းခံရမည်ဖြစ်သည်။ အေပီ

















