ဒူဘိုင်း အောက်တိုဘာ ၂ - အမေရိကန်ပြည်ထောင်စု၊ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ (ယူအေအီး)နှင့် အစ္စရေးတို့သည် စွမ်းအင်ကဏ္ဍအတွက် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရန် အောက်တိုဘာ ၁ ရက်တွင် သဘောတူညီမှု ရရှိခဲ့ကြောင်း ယူအေအီးနိုင်ငံပိုင် WAM သတင်းဌာနက ဖော်ပြခဲ့သည်။
‘’ ယူအေအီး၊ အမေရိကန်ပြည်ထောင်စုနဲ့ အစ္စရေးတို့ဟာ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်၊ စွမ်းအင်ဖူလုံမှု၊ ရေနံ၊ သဘာဝဓာတ်ငွေ့အရင်း အမြစ်နဲ့ ဆက်စပ်နည်းပညာများ၊ ရေချိုပြုလုပ်မှုနည်းပညာဆိုင်ရာ ကဏ္ဍတွေ အပါအဝင် စွမ်းအင်ကဏ္ဍတွေအပေါ် ပိုမိုပူးပေါင်းဆောင်ရွက်မှု တွေကို တွန်းအားပေးလုပ်ဆောင်ဖို့ သဘောတူညီခဲ့ကြပါတယ်’’ ဟု သုံးနိုင်ငံစလုံးမှ စွမ်းအင်ဝန်ကြီးများ၏ ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းတည်ငြိမ်မှု၊ ပေါင်းစည်းခြင်းနှင့် ကြွယ်ဝခြင်းတို့အတွက် ရှေ့သို့တိုးသည့် ခြေတစ်လှမ်း ဖြစ်လာနိုင်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။ ထို့ပြင် စွမ်းအင်အရင်းအမြစ်များ၊ နည်းပညာများနှင့် ဆက်စပ်အခြေခံအဆောက်အအုံများ ဖွံဖြိုးအောင်လုပ်ဆောင်ခြင်းဖြင့် ပါလက်စတိုင်းသားများ ကြုံတွေ့နေရသည့် စွမ်းအင်အခက်အခဲများအတွက်လည်း အဖြေရှာမည်ဖြစ်ကြောင်း ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယူအေအီးနှင့် အစ္စရေးတို့သည် ပုံမှန်သံတမန် ဆက်ဆံရေးထားရှိရန် သဘောတူညီချက်ကို အိမ်ဖြူတော်၌ စက်တင်ဘာ ၁၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ယူအေအီးသည် အီဂျစ်နှင့် ဂျော်ဒန်တို့ပြီးနောက် အစ္စရေးနှင့် ပုံမှန်သံတမန်ဆက်ဆံရေး ထူထောင်သော တတိယမြောက်နိုင်ငံ ဖြစ်လာခဲ့သည်။ အေပီ

















