COVID-19 တုံ့ပြန်ရေးတွင် သက်ကြီးရွယ်အိုများကို ဦးစားပေးရန် ကုလအကြီးအကဲတိုက်တွန်း

COVID-19 တုံ့ပြန်ရေးတွင် သက်ကြီးရွယ်အိုများကို ဦးစားပေးရန် ကုလအကြီးအကဲတိုက်တွန်း

နယူးယောက် အောက်တိုဘာ ၂ - COVID-19 တုံ့ပြန်မှု အစီအစဉ်များတွင် သက်ကြီးရွယ်အိုများကို ဦးစားပေးအဖြစ် ဆောင်ရွက်ကြရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်ထော်နီယိုဂူတာရက်စ်က အောက်တိုဘာ ၁ ရက်တွင် ကျင်းပသော အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အခမ်းအနား၌ ပြောဆိုခဲ့သည်။

“အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ နှစ် ၃၀ ပြည့်မြောက်ခဲ့ပါပြီ၊ COVID-19 ကူးစက်ရောဂါဟာ သက်ကြီးရွယ်အိုတွေအပေါ် ကြီးကြီးမားမား သက်ရောက်မှုရှိခဲ့ပါတယ်၊ သူတို့ရဲ့ ကျန်းမာရေးအပေါ်သာမက သူတို့ရဲ့ အခွင့်အရေးတွေ၊ ကျန်းမာချမ်းသာမှုတွေအပေါ်ပါ သက်ရောက်ခဲ့တာဖြစ်ပါတယ်၊ ကျွန်တော်တို့ရဲ့ COVID-19 ကပ်ရောဂါ ကျော်လွှားနိုင်ဖို့ ကြိုးစားအားထုတ်မှုတွေမှာ သက်ကြီးရွယ်အိုတွေကို ဦးစားပေးရပါမယ်” ဟု အန်ထော်နီယို ဂူတာရက်စ်ကပြောဆိုခဲ့သည်။

“ဒါ့အပြင် ဒီနှစ်မှာ ကြွေးကြော်ထားတဲ့ ဂုဏ်ပြုဆောင်ပုဒ်နဲ့အညီ ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းအတွင်း ကပ်ရောဂါဟာ အသက်အရွယ်အပိုင်းအခြားနဲ့ အသက်အရွယ် ကြီးရင့်လာမှုအပေါ် ဘယ်လို ပြောင်းလဲနိုင်စွမ်း ရှိတယ်ဆိုတာကို လေ့လာဆန်းစစ်ရမယ်။ သက်ကြီးရွယ်အိုတွေအတွက် အခွင့်အရေးတွေ တိုးချဲ့ပြီး ကျန်းမာရေးဆိုင်ရာ အထောက်အပံ့တွေလည်း တိုးပွားအောင်လုပ်ပေးရမယ်။ ပင်စင်နဲ့ လူမှုဖူရေးလုပ်ငန်းတွေက အဓိကကျပါလိမ့်မယ်’’ ဟု ဂူတာရက်စ်က ဆက်လက်ပြောဆိုခဲ့သည်။

ကမ္ဘာကြီးသည် အတူတကွ ပြန်လည်ကောင်းမွန်လာစေရန် ကြိုးပမ်းနေပြီး သက်ကြီးရွယ်အိုများ၏ လူမှုဘဝ၊ မိသားစုများ နှင့် လူ့အဖွဲ့အစည်းများ တိုးတက်လာစေရန် ညီညွတ်သော ပူးပေါင်းဆောင်ရွက်မှု လိုအပ်နေကြောင်း ဂူတာရက်စ်က ပြောဆိုခဲ့သည်။

‘’သက်ကြီးရွယ်အိုတွေရဲ့ စွမ်းပကားကတော့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အားကောင်းတဲ့ အခြေခံတစ်ခုပါပဲ။ အားလုံးပိုမိုပါဝင်ပြီး အသက်အရွယ်အားလုံး ရောပြွမ်းတဲ့ လူ့အဖွဲ့အစည်းတစ်ခု ထူထောင်ဖို့အတွက် ကျွန်တော်တို့ဟာ သူတို့ရဲ့ စကားတွေ၊ အကြံပေးမှုတွေနဲ့ အယူအဆတွေကို အမြဲတမ်း နားထောင်ရပါမယ်” ဟု ဂူတာရက်စ်က ပြောကြားခဲ့သည်။ အေပီ