အင်ဒိုနီးရှား၌ ကျန်းမာရေးဝန်ထမ်းများအား COVID-19 ကာကွယ်ဆေး ဦးစားပေးထိုးနှံမည်

အင်ဒိုနီးရှား၌ ကျန်းမာရေးဝန်ထမ်းများအား COVID-19 ကာကွယ်ဆေး ဦးစားပေးထိုးနှံမည်

ဂျကာတာ အောက်တိုဘာ ၂ - အင်ဒိုနီးရှားနိုင်ငံ၌ ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်းများနှင့် အသက် ၁၈ မှ ၅၉ နှစ်ကြား အလုပ်သမားများအား COVID-19 ကာကွယ်ဆေး ဦးစားပေးထိုးနှံပေးမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးက အောက်တိုဘာ ၁ ရက်တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံသည် COVID-19 ကာကွယ်ဆေး တစ်ခါသုံးပမာဏ သန်း ၃၂၀ ခန့်လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီး တဲရာဝန် သြဂတ်စ် ပူထရန်တိုကပြောဆိုခဲ့သည်။ အင်ဒိုနီးရှား၌ လူဦးရေ သန်း ၂၆၀ ခန့်ရှိနေသည်။

ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်းများနှင့် ကျန်းမာရေးကဏ္ဍရှိ အခြားဝန်ထမ်းများကဲ့သို့ ရှေ့တန်းတိုက်စစ်မှူးများကို ကာကွယ်ဆေးဦးစားပေးထိုးနှံပေးမည်ဖြစ်ပြီး ယင်းနောက်တွင် အများပြည်သူများကြားရှိ ကူးစက်နိုင်ခြေများသူ အသက် ၁၈ မှ ၅၉ နှစ်ကြားအရွယ်များကို ဒုတိယဦးစားပေးထိုးနှံပေးမည်ဖြစ်ကြောင်း ပူထရန်တိုကပြောဆိုခဲ့သည်။

အင်ဒိုနီးရှားသည် ပြည်တွင်းမှာပင် ကာကွယ်ဆေးထုတ်လုပ်နိုင်ရန် ကြိုးပမ်းနေသလို တစ်ချိန်တည်းမှာပင် ဆေးဝါးကုမ္ပဏီများ၊ နိုင်ငံများစွာတို့နှင့် ပူးပေါင်းကာ ကာကွယ်ဆေးရရှိရေး ကြိုးပမ်းနေသည်။ တရုတ်ကုမ္ပဏီ Sinovac ၏ COVID-19 ကာကွယ်ဆေး နောက်ဆုံးအဆင့်စမ်းသပ်မှုတွင် အင်ဒိုနီးရှား ပါဝင်နေသည်။ အစီအစဉ်အတိုင်းဖြစ်လာမည်ဆိုပါက နိုင်ငံပိုင်ဆေးဝါးကုမ္ပဏီ Bio Farma သည် ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ကာကွယ်ဆေးများကို စတင်ထုတ်လုပ်နိုင်မည်ဟု မျှော်လင့်ထားကြောင်း ကုမ္ပဏီအကြီးအကဲ အောနက်စ်တီ ဘက်စ်ယာကပြောဆိုခဲ့သည်။

ရီလွင် ဘာသာပြန်သည်။